ဘုရားမရှိကြောင်း နောက်ဆုံးစာအုပ်မှာ စတီဖင်ဟော့ကင်း ရေးသားခဲ့

တလောကပဲ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကမ္ဘာကျော်ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းရဲ့ နောက်ဆုံးစာအုပ်ဟာ ဒီတစ်ပတ်ထဲမှာပဲ ထွက်လာခဲ့ပြီ ဖြစ်ပြီး ဒီစာအုပ်မှာ သူ့ ရဲ့ နောက်ဆုံးတွေးခေါ်ချက်တွေပါ ထည့်သွင်းလာခဲ့ပြီ ဖြစ်ပါတယ်။

“အကြီးစားမေးခွန်းများအတွက် အနှစ်ချုပ်အဖြေများ” လို့ နာမည်ပေးထားတဲ့ ဒီစာအုပ်မှာ သူအသက်ရှင် နေထိုင်စဉ် ကာလအတွင်း အမေးခံရဆုံး မေးခွန်းတွေကို ချုံ့ ပြီး ဖြေရှင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ ဟော့ကင်းဟာ ဂြိုလ်သားတွေ ဘဝဆိုတာ ရှိကြောင်း ၊ ဥာဏ်ရည်တုနည်းပညာလို့ ခေါ်တဲ့ AI ဟာ လူတွေထက် ပိုပြီး စမတ်ကျလာမယ် ဆိုတဲ့ အကြောင်း နဲ့ အချိန်ခရီးသွားဆိုတာ မေ့ထားလို့ မရကြောင်းတွေပါ ထည့်သွင်းဖြေကြားခဲ့တာပါ။


မျိုးဆက်တစ်ခုရဲ့ အထူးချွန် အပြောင်မြောက်ဆုံး သိပ္ပံပညာရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရတဲ့ ဟော့ကင်းဟာ သူရဲ့ နောက်ဆုံး စာအုပ်မှာ အထူးခြားဆုံးက ကိုးကွယ်မှုပေါ်မှာ သူ့ ရဲ့ ယုံကြည်မှုကို အပွင့်လင်းဆုံး ပြောသွားခဲ့တာ ဖြစ်ပါတယ်။  “Brief Answers to the Big Questions” စာအုပ်တစ်နေရာမှာ “ဘုရားဆိုတာ မရှိပါဘူး။ စကြဝဌာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ညွှန်ကြားစေခိုင်းနေတာ မဟုတ်ပါဘူး။” လို့ ရေးသားခဲ့တာပါ။


“ရာစုနှစ်ပေါင်းများစွာကြာအောင် ကျွန်တော့်လို ဒုက္ခိတတွေဟာ ဘုရားသခင်ရဲ့ ကျိန်စာကြောင့် အခုလို နေရတာလို့ ယုံကြည်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ဒါတွေအားလုံးကို သဘာဝဥပဒေတွေကြောင့်လို့ ပဲ တွေးတာကို သဘောကျတယ်” လို့ ဆိုပါတယ်။ စတီဖင်ဟော့ကင်းဟာ ALS လို့ ခေါ်တဲ့ မသန်စွမ်းဝေဒနာတစ်မျိုးကို ခံစားနေရတာကြောင့် နှစ်ပေါင်း ၅၀ နီးပါး လက်တွန်းလှည်းပေါ်မှာပဲ အသက်ဆက်နေခဲ့ရသူဖြစ်ပါတယ်။ ကျန်းမာရေးချို့ ယွင်းမှုကြောင့် စကားမပြောနိုင် မလုပ်ရှားနိုင်ဘဲ လက်ကလေး နှစ်ချောင်းတည်းနဲ့ လှုပ်ရှားပြီး ဆက်သွယ်ပြောဆိုခြင်း ၊ အစည်းအဝေးများ ကွန်ဖရင့်များ တက်ရောက်ခြင်း ၊ စာသင်ကြားခြင်း စာတမ်းပြုစုခြင်းများ ပြုလုပ်ခဲ့သူ ပညာရှင်တစ်ဦးဖြစ်ပြီး အာကာသဆိုင်ရာ တွေ့ ရှိချက်များကြောင့် ကမ္ဘာကျော်ခဲ့ပါတယ်။

နောက်ဆုံးသေတဲ့ နေ့ အထိ စာရေးရင်း သေခဲ့တာ ဖြစ်ပြီး လက်စမသတ်နိုင်သေးတဲ့ သူ့ စာအုပ်ကို မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေက ဖြည့်စွက်ရေးသားပြီး ထုတ်ဝေခဲ့တာပါ။ အောက်စဖို့ ဒ်မှာ မွေးပြီး ကန်းဘရစ်ခ်ျမှာ ယခုနှစ် မတ်လ ၁၄ ရက်နေ့ က အသက် ၇၆ နှစ်အရွယ် စတီဖင် ဝီလျံ ဟော့ကင်းဟာ ဘဝတစ်ပါးကို ပြောင်းသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*