ကြက်သွန်ဖြူစားပြီး အနံ့နံတာကို ဘယ်လိုဖျောက်မလဲ…

စားလို့လည်းကောင်း ၊ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတဲ့ ကြက်သွန်ဖြူက စားပြီးရင် အနံ့စွဲတာလေးကတော့ တော်တော်ဆိုးပါတယ် ။ သမီးရည်းစား ၊ လင်မယားတွေ ဘယ်လောက်ချစ်ချစ် ကြက်သွန်ဖြူနံ့ကြီး နံနေတာတော့ ကြာကြာ မခံစားနိုင်ကြပါဘူး။ စကားပြောလိုက်တိုင်း အနံ့ထွက် ၊ လက်မှာလည်း အနံ့တွေစွဲပြီး ကျန်ခဲ့ပါတယ် ။ လူကြားသူကြားထဲမှာ စားချင်ရင်တောင် အနံ့ထွက်မှာစိုးလို့ မစားရဲကြပါဘူး ။ ဒီလိုကြက်သွန်ဖြူနံ့ကို အမြန်ဆုံး ဖျောက်ဖျက်ပစ်နိင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ် ။

၁။ပန်းသီး
ပန်းသီးမှာပါဝင်တဲ့ ဓါတ်က ဆိုးရွားတဲ့ ကြက်သွန်ဖြူနံ့ကို ဖျောက်ဖျက်ပစ်နိုင်စွမ်းရှိပါတယ် ။ ဒါ့ကြောင့် ကြက်သွန်ဖြူနံ့နံနေတယ်ဆိုရင် ပန်းသီးတစ်လုံးသာ စားလိုက်ပါ ။ ကိုက်စားရမှာ ပျင်းတယ်ဆိုရင်တော့ ဖျော်ရည်သောက်ပေါ့လေ …။

၂။နို့
နို့သောက်ခြင်းကလည်း ကြက်သွန်ဖြူနံ့ကို သဘာဝအတိုင်း ပျယ်ပျက်စေပါတယ် ။ လေ့လာမှုတွေအရ နို့သောက်ခြင်းက ကြက်သွန်ဖြူကြွယ်ဝသော အစားအစာတွေစားနေဆဲ အချိန်မှာတောင် အနံ့လုံးဝ မထွက်စေပါဘူးတဲ့ ။ အဆီမထုတ်ထားသော နွားနို့ကိုသောက်လျှင် ပိုပြီး ထိရောက်မှုရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။

၃။ပူစီနံ
ကြက်သွန်ဖြူကြောင့် ထွက်တဲ့အနံ့မဟုတ်ဘဲ အခြား ခံတွင်းနံ့မကောင်းတာမျိုးတွေအတွက်လည်း ပူစီနံအနည်းငယ်ကို ဝါးစားပေးခြင်းက ပြေလျော့စေပါတယ် ။ ဝါးစားဖို့ အခက်တွေ့တယ်ဆိုရင်တော့ လက်ဖက်ရည်လုပ်ကာ သောက်သုံးနိုင်ပါတယ် ။ ခွက်ထဲသို့ ခြေမွထားသော ပူစီနံအနည်းငယ်ကို ထည့်ပြီး ရေနွေးဖြူထည့်ကာ ၁၀မိနစ်ခန့် အဖုံးအုပ်ထားပါ ။ ပြီးလျှင်တော့ ပျားရည်အနည်းငယ်ထည့်ပြီး သောက်သုံးနိုင်ပါပြီ ။

၎။ စတီး (Stainless Steel)
နည်းနည်းတော့ ထူးဆန်းနေမှာပါ ။ သို့သော်လည်း stainless steel ဟာ အနံ့ဆိုးတွေကို ဖြေဖျောက်ပေးနိုင်ပါတယ် ။ လက်ကို စတီးနဲ့ပွတ်ပေးပြီး ရေဆေးလိုက်လျှင် လက်မှာစွဲနေတဲ့ အနံ့ဆိုးတွေ ပျောက်သွားတာကို တွေ့ရမှာပါ ။ ခံတွင်းနံ့အတွက်ဆိုရင်တော့ စတီးဇွန်းနှင့်ဖြစ်ဖြစ် လျှာနှင့် ခံတွင်းတဝိုက်ကို ပွတ်ပေးပါ ။ ပြီးလျှင် ရေဖြင့် ပလုပ်ကျင်းပစ်လိုက်ပါ ။ အနံ့ဆိုးတွေ မထွက်တော့တာကို ထူးဆန်းဖွယ် မြင်ရမှာပါနော် ။

၅။သံပုယိုသီး
သံပုယိုသီးမှာပါဝင်တဲ့ အချဉ်ဓါတ်က ကြက်သွန်ဖြူကြောင့်ထွက်တဲ့ အနံ့ဆိုးဆိုးတွေကို ပျောက်ကင်းစေပါတယ် ။ ဒါ့အပြင် ခန္ဓာကိုယ်မှ အနံ့ဆိုးတွေ ထွက်အောင် လှုံ့ဆော်ပေးတဲ့ အရေပြားpH level ကိုလည်း လျော့ကျစေနိုင်ပါတယ် ။ ပါးစပ်အနံ့ထွက်နေလျှင် သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေတစ်ခွက်ရောပြီး ပလုပ်ကျင်းလိုက်ပါ ။ အနံ့တွေ ပျောက်သွားပါလိမ့်မယ် ။ ဒါ့အပြင် ကြက်သွန်ဖြူစားပြီးတိုင်း သံပုယိုရည် သောက်သုံးခြင်းဖြင့်လည်းကောင်း ၊ လက်မှာ အနံ့စွဲတာကို သံပုယိုသီး (သို့)သံပုရာသီးဖြင့် ပွတ်တိုက်ပေးခြင်းဖြင့် လည်းကောင်း အော်ဂလီဆန်စရာ အနံ့ဆိုးတွေ ကင်းဝေးသွားမှာပါ။

၆။သွားတိုက်ဆေး
ဒါကတော့ ထုံးစံအတိုင်း လုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းလေးပါ ။ ကြက်သွန်ဖြူစားပြီးတိုင်း သွားတိုက်ပေးပါ ။ လက်ကိုလည်း သွားတိုက်ဆေးအနည်းငယ်နှင့် ပွတ်တိုက်ပေးပြီး ဆေးကြောပါ ။
ကြက်သွန်ဖြူနံ့ ပျောက်မယ့် နည်းလမ်းလေးတွကိုတော့ ဖော်ပြခဲ့ပြီးပြီမို့ အဆင်ပြေတဲ့နည်းလမ်းကို သုံးလို့ရပါတယ် ။ ဒါ့အပြင် Green Tea သောက်ပေးရင်လည်း ကြက်သွန်ဖြူအနံ့ကို သက်သာစေပါတယ် ။ အနာခံနိုင်ရင်တော့ လက်ကို ဆားနဲ့ပွတ်ပေးတာကလည်း အနံ့သက်သာစေပါတယ်တဲ့နော် ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*