Latest post

ဘယ်အရာတွေက တက်တူမထိုးဖို့တွန်းအားပေးနေတာလဲ

တက်တူးထိုးခြင်းကလည်း ဖက်ရှင်တစ်ခုအသွင် လူငယ်တွေအကြား တဖြေးဖြေးစိမ့်ဝင်လာတာကို တွေ့ရပါတယ်။ ယောက်ျားလေးသာမက မိန်းကလေးတော်တော်များများကလည်း တက်တူးကိုစွဲလန်းနှစ်ခြိုက်စွာ ထိုးလာကြပါတယ်။ ဒါ့ကြောင့် တက်တူးထိုးတော့မယ်ဆိုရင် အခုအကြံပြုထားတဲ့ အချက်လေးတွေကို အရင်ဖတ်စေချင်ပါတယ်။

(၁) သေတဲ့အထိပါသွားမယ့် အမှတ်အသားတစ်ခုဆိုတာကို လက်ခံနိုင်မှတက်တူးထိုးပါ

တက်တူးပညာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များရဲ့ လေ့လာဆန်းစစ်ချက်အရ တက်တူးထိုးတဲ့လူဦးရေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးများပြားလာတာနဲ့အမျှ တက်တူးဖျက်တဲ့လူဦးရေကလည်း တစ်နေ့ထက်တစ်နေ့ မြှင့်တက်လာတယ်လို့ ဆိုပါတယ်။ တက်တူးထိုးမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ သေတဲ့ထိပါသွားမယ့် အမှတ်အသားတစ်ခုဆိုတာကို မမေ့လိုက်ပါနဲ့။ ထိုးလိုက်ပြီးမှ မလိုချင်လို့ပြန်ဖျက်တဲ့အခါမှာ လေဆာရောင်ခြည်များနဲ့ ဖျက်ပစ်ရတာကြောင့် အရေပြားထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် တက်တူးမထိုးခင် ဒီအချက်ကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။

(၂) ဝေဖန်ခံရမှာကြောက်ရင်တက်တူးမထိုးပါနဲ့

တစ်ကိုယ်လုံး တက်တူးအပြည့်နဲ့လူကို တော်တော်များများက လူမိုက်လူဆိုးအဖြစ် ထင်ကြပြီး ကြောက်ကြပါတယ်။ ဝေဖန်ကဲ့ရဲ့တတ်ပြီး အပေါ်ယံကိုပဲကြည့်ပြီး ဆုံးဖြတ်ကြတဲ့ ပတ်ဝန်းကျင်ရဲ့ ဒဏ်တွေကို မခံစားနိုင်ဘူးဆိုရင်တော့ တက်တူးမထိုးတာအကောင်းဆုံးပါ။

(၃) အလုပ်ရှာဖွေနေချိန်မှာ တက်တူးထိုးဖို့ဆုံးဖြတ်ချက်ကိုရွှေ့ဆိုင်းထားပါ

သင်ကအလုပ်ရှာဖွေနေသူ၊ ဘဝအတွက်တက်လမ်းကို ရှာဖွေနေသူတစ်ယောက်ဆိုရင် တက်တူးထိုးမယ့်ဆုံးဖြတ်ချက်ကို ခေတ္တရပ်ဆိုင်းထားစေချင်ပါတယ်။ လည်ပင်း၊ လက်၊ ခြေထောက်စတဲ့ ထင်သာမြင်သာရှိတဲ့ နေရာအစိတ်အပိုင်းတွေမှာ တက်တူးထိုးထားတဲ့သူကို အလုပ်ရှင်များက လက်မခံချင်ကြဘူးလို့ အလုပ်သမားရေးရာအဖွဲ့အစည်းက ဆိုပါတယ်။ လူတစ်ယောက်ရဲ့အရည်အချင်းကို အပြင်ပန်းက ကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာ မှန်ပေမယ့် လူတွေရဲ့မသိစိတ်က တက်တူးအပြည့်နဲ့လူတစ်ယောက်ကို ကြောက်ရွံ့တတ်ကြတာ သဘာဝပါ။ ဒါ့ကြောင့် အလုပ်ရှာဖွေနေချိန်မှာ ထင်သာမြင်သာရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေမှာ တက်တူးမထိုးသင့်ပါဘူးနော်။

(၄) အရေပြားဆိုင်ရာပြဿနာများရှိရင် တက်တူးမထိုးသင့်ပါ

သင့်ရဲ့အသားအရေက Sensitive ဖြစ်တဲ့အသားအရေလား။ အမြဲတမ်းလိုလို အလာ့ဂျစ်ဖြစ်တာ၊ ယားယံတာ၊ မှည့်ခြောက်တွေ ပေါက်တတ်တဲ့သူမျိုးဆိုရင် တက်တူးမထိုးသင့်ဘူးလို့ အရေပြားဆရာဝန်များက အကြံပြုထားပါတယ်။ ဒီလိုအရေပြားဆိုင်ရာပြဿနာဖြစ်နေတဲ့သူတွေက တက်တူးထိုးလိုက်တဲ့အခါမှာ အသုံးပြုလိုက်တဲ့ဆေးနဲ့ မတည့်ရင်အရေပြားကင်ဆာဖြစ်တဲ့အထိကို ဆိုးကျိုးများသက်ရောက်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*