ခြေလက်များဖောရောင်ခြင်းကို လျစ်လျူမရှုသင့်

ခန္ဓာကိုယ်အစိတ်အပိုင်းများက ဘာမှထိခိုက်နာကျင်မှုဒဏ်မခံစားရဘဲ ရုတ်တရက် ဖောရောင်လာတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ အထူးသဖြင့် ခြေလက်၊ မျက်နှာဖောရောင်ခြင်းက သိသာထင်ရှားတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒီလိုဖောရောင်ရခြင်းရဲ့ အဓိကပြဿနာကတော့ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုများ ပုံမှန်မဖြစ်တာကြောင့်လို့ ယေဘူယျအားဖြင့် သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းက ဖောရောင်နေရင် ကျန်းမာရေးအခြေအနေကို ဘယ်လိုဖော်ညွှန်းနေသလဲဆိုတာကို သိရှိနိုင်ဖို့အတွက် အခုပဲဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ခြေ၊လက်ဖောရောင်ခြင်း

ခြေ၊လက် ဖောရောင်နေတယ်ဆိုတာက သွေးတွင်းဆားဓာတ်လွန်ကဲနေလို့ပါ။ အသက်ငယ်ရွယ်သူတွေဖြစ်ရင် သွေးတိုးရောဂါဖြစ်နိုင်ချေရှိတဲ့ လက္ခဏာဖြစ်တာကြောင့် ဆားလျော့စားဖို့ လိုပါတယ်။ သွေးတိုးသမားများအနေနဲ့ ခြေလက်ဖောရောင်လာပြီဆိုရင် သွေးတိုးတိုင်းကြည့်ပြီး ဆေးကုသမှုခံယူဖို့ လိုပါတယ်။ ခြေလက်ဖောရောင်သူများအနေနဲ့ကတော့ ဆားနဲ့ငန်တဲ့အစားအစာများကို ရှောင်ကြဉ်ဖို့လိုပါတယ်။

(၂) မျက်လုံးတစ်ဝိုက်ရောင်ရမ်းခြင်း

မျက်လုံးရောင်ရမ်းတာက မျက်စိနာရောဂါလို့ သတ်မှတ်လို့မရပါဘူး။ အထူးသဖြင့် မျက်ရည်အိတ်ရောင်ရမ်းတာက ကျန်းမာရေးကခြေအနေကို များစွာဖော်ညွှန်းနေပါတယ်။ သွေးတွင်းအဆိပ်အတောက်များတဲ့အခါ ခ​န္ဓာကိုယ်တွင်းအစိတ်အပိုင်းအချို့ ဖောရောင်လာတတ်ပါတယ်။ မျက်လုံးတစ်ဝိုက်နဲ့ မျက်ရည်အိတ်ဖောင်းတာဟာ ကျောက်ကပ်အားမကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။ အကောင်းဆုံးကုသမှုကတော့ ရေများများသောက်ပေးဖို့ လိုပါတယ်။ အခြေအနေပိုဆိုးလာရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ဆေးကုသမှုခံယူသင့်ပါတယ်။

(၃) ဝမ်းဗိုက်ဖောခြင်း

ဝမ်းဗိုက်၊ အစာအိမ်နေရာကဖောရောင်နေတာမျိုးမဟုတ်ဘဲ သားအိမ်အပေါ်ပိုင်းလောက်က ဆူထွက်ခြင်းကို မိန်းကလေးအချို့ရာသီလာစဉ်ကာလမှာ ဖြစ်တတ်တာကို သတိပြုမိကြမယ်ထင်ပါတယ်။ မိန်းကလေးများအနေနဲ့ သားအိမ်အထက်မှာ ဖောရောင်နေတယ်ဆိုတာဟာ ဟောမုန်းကြောင့်ဖြစ်ပြီး အာဟာရချို့တဲ့ခြင်းရဲ့ လက္ခဏာရပ်လို့လည်း ပြောလို့ရပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အစာအာဟာရများရရှိအောင် အားရှိတဲ့အစားအစာများကို စားသုံးပေးဖို့ လိုပါတယ်။

(၄) ခြေထောက်ဖောရောင်ပြီး ရင်ဘတ်အောင့်ခြင်း

ခြေထောက်ဖောရောင်တဲ့အခါမှာ ရင်ဘတ်ကလည်း အောင့်တယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်နိုင်ချေရှိတဲ့ လက္ခဏာပါ။ နှလုံးတွင်း သွေးလည်ပတ်မှုမမှန်ခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း၊ ကျောအောင့်ခြင်းအပြင် ခြေထောက်ဖောယောင်ခြင်းမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် နှလုံးအားကောင်းစေဖို့အတွက် လိုအပ်တဲ့အစာအာဟာရများ ဖြည့်တင်းပေးသင့်ပါတယ်နော်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*