iPhone X တစ်လုံးရောင်းရတိုင်းမှာ ဒေါ်လာ ၁၁၀ နီးပါးရရှိမယ့် Samsung

Apple ကုမ္မဏီအနေနဲ့ iPhone X မှာထည့်သွင်းထားတဲ့ Samsung အစိတ်အပိုင်းကြောင့် iPhone X တစ်လုံးရောင်းချရတိုင်း တောင်ကိုရီးယား ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၁၁၀ ခန့်ရရှိမယ်လို့ သိရပါတယ်။ iPhone X မှာပါဝင်တဲ့ Samsung အစိတ်အပိုင်းဖြစ်တဲ့ OLED မျက်နှာပြင်က ဈေးအကြီးဆုံး ဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့စံသတ်မှတ်ချက်နဲ့ ကိုက်ညီအောင် သီးသန့်ပြုလုပ်ထားတဲ့ display ဖြစ်ပါတယ်။ Samsung ဟာ iPhone တွေမှာ အသုံးပြုဖို့ အခြားအစိတ်အပိုင်းတွေကိုလည်း ထုတ်လုပ်ပေးခဲ့ပါတယ်။

Samsung ဟာ iPhone X အတွက် ဘက်ထရီတွေနဲ့ capacitor တွေကိုလည်း ထုတ်လုပ်ခဲ့တယ်လို့ The Wall Street Journal ကဖော်ပြခဲ့ပါတယ်။ Wall Street ဖော်ပြချက်ကို ဈေးကွက်သုတေသန Counterpoint Technology က စုစည်းသုံးသပ်ခဲ့ပါတယ်။ Samsung အနေနဲ့ iPhone X အတွက် အစိတ်အပိုင်းတွေ ပြုလုပ်ပေးတာကနေ ဝင်ငွေ ဒေါ်လာ ၄ ဘီလီယံ ရရှိနိုင်ပါတယ်။ အဲဒီပမာဏဟာ ကိုယ်ပိုင် Galaxy S8 ဟန်းဆက်အတွက် အစိတ်အပိုင်း ပြုလုပ်တာထက် သာလွန်နေပါတယ်။

အဲဒီဝင်ငွေကို Samsung ရဲ့ component ဌာနကရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ Samsung Mobile ရဲ့အမြတ်ငွေ မဟုတ်ဘဲ Galaxy S8 ရောင်းချရမှသာ Mobile ဌာနက အမြတ်ငွေရရှိမှာ ဖြစ်ပါတယ်။ အခုသုံးသပ်ချက်က iPhone X နဲ့ Galaxy S8 စမတ်ဖုန်းနှစ်မျိုး ရောင်းချမှုကို ခန့်မှန်း ဖော်ပြထားတာ ဖြစ်ပါတယ်။
Apple အနေနဲ့ ၂၀၁၉ ခုနှစ် နွေရာသီမှာ iPhone X အလုံးရေ သန်း ၁၃၀ ရောင်းချနိုင်မယ်လို့ Counterpoint က ခန့်မှန်းထားပြီး Samsung က iPhone X တစ်လုံးအတွက် ဒေါ်လာ ၁၁၀ ရရှိမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Galaxy S8 ရဲ့ကမ္ဘာတစ်ဝန်းရောင်းချမှုနှုန်းက သန်း ၅၀ ရှိနေချိန်မှာ ပထမဆုံးလ ၂၀ အတွင်း display နဲ့ chip တွေလိုမျိုး အစိတ်အပိုင်းတွေကနေ Samsung က ၂၀၂ ဒေါ်လာ ရရှိမှာလို့ သုံးသပ်ထားပါတယ်။
Samsung အနေနဲ့ iPhone ထက် ကိုယ်ပိုင်စမတ်ဖုန်းအတွက် အစိတ်အပိုင်းတွေ ပိုထုတ်လုပ်နိုင်ရင် တစ်လုံးရောင်းချတိုင်း အမြတ်ငွေ များစွာ ရရှိမှာပါ။ ဒါပေမဲ့ iPhone X ဟာ အလုံးရေများစွာ ရောင်းချရနိုင်တာနဲ့ စုစုပေါင်း အစိတ်အပိုင်း ရောင်းချရမှုကလည်း iPhone အတွက် မြင့်မားလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျော်ကျော်(ရွှေအင်းလေး)

Ref: 9to5Mac

Be the first to comment

Leave a Reply

Your email address will not be published.


*