LCDလေးတွေအတွက် လပိုင်းအတွင်းဝိတ်တက်လာစေမယ့်အစားအစာများ

ခန္ဓာကိုယ်ပိန်ခြင်း၊ ဝခြင်းထက် ကျန်းမာရေး ကောင်းနေဖို့ကအဓိကပါပဲ။ အဝလွန်ပြီး ကျန်းမာရေးထိခိုက်တာလည်းရှိသလို ပိန်လွန်းတာကြောင့် ကိုယ်ခံအာနည်းပြီး ကျန်းမာရေးချူချာရတဲ့ သူတွေလည်း ရှိပါတယ်။ ဝတဲ့သူတွေအတွက် ဝိတ်ချတဲ့နည်းလမ်း၊ ကျန်းမာရေးလမ်းညွှန်များကို အများကြီးဖော်ပြခဲ့ပြီး သွားပြီဆိုတော့ အခုအခါမှာတော့ ဘာစားစားဝမလာတဲ့ သူတွေအတွက် နေထိုင်စားသောက်မှု ပုံစံလေးကို အကြံပြုချင်ပါတယ်။ ပိန်ပြီးတော့ ကျန်းမာရေးကောင်းတာက ကိစ္စမရှိပါဘူး။ ဘယ်လောက်စားစား ပိန်မြဲအတိုင်းပိန်နေပြီး ကိုယ်ခံအားလျော့နည်းပြီး မကြာခဏနေထိုင်မကောင်း ဖြစ်နေတယ်ဆိုရင်တော့ ဝိတ်တက်လာဖို့အတွက် ကြိုးပမ်းရပါတော့မယ်။ အရမ်းပိန်လွန်းတဲ့သူတွေအတွက် သုံးလအတွင်းဝိတ်တက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အာဟာရှိတဲ့အစားအစာများကို စားသုံးပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

(၁) မလိုင်ဓာတ်ပြည့်ဝစွာပါဝင်တဲ့နွားနို့

ဝိတ်ချတဲ့သူတွေအနေနဲ့ကတော့ အဆီ၊ မလိုင်မပါဝင်တဲ့ နွားနို့ကို ရွေးချယ်သောက်သုံးရပါတယ်။ သင်ကဝိတ်တက်ဖို့ အစီအစဉ်ရှိသူဆိုရင်တော့ အဆီမလိုင်တွေပြည့်ဝစွာပါဝင်တဲ့ နွားနို့ကို ရဲရဲကြီးသောက်သုံးလိုက်ပါ။ နွားနို့မှာပါဝင်တဲ့ အဆီနဲ့ မလိုင်ဓာတ်ကဗီတာမင်ဒီနဲ့ ဗီတာမင်အေဓာတ်က ခွန်အားဖြစ်စေပါတယ်။ ဒါ့ကြောင့် နေ့စဉ်နေ့တိုင်း နွားနို့သောက်သုံးဖို့ လိုပါတယ်နော်။ အုတ်ဂျုံ၊ မုယောစပါးများနဲ့ ရောစပ်ပြီးလည်း သောက်သုံးနိုင်သလို၊ ကော်ဖီကြိုက်နှစ်သက်သူတွေအနေနဲ့လည်း နွားနို့များများရောစပ်သောက်သုံးပေးဖို့ လိုပါတယ်။

(၂) မြေပဲထောပတ်

မနက်စားစားတဲ့အခါမှာ ပေါင်မုန့်ယိုသုတ်တွေကိုစားသုံးတတ်သူဆိုရင်တော့ ယိုအစား မြေပဲထောပတ်ကို အစားထိုးစားသုံးလိုက်ပါ။ မြေပဲထောပတ် စားပွဲတင်တစ်ဇွန်းက ကယ်လိုရီ၁၀၀ပါဝင်ပြီး ပရိုတိန်းဓာတ် ၄ဂရမ်လောက်ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဝချင်တဲ့သူတွေအနေနဲ့ ဒီလိုအာဟာရပြည့်ဝတဲ့ မြေပဲထောပတ်ကို စားသုံးသင့်ပါတယ်။ ဒါ့အပြင် မြေပဲထောပတ်အစစ်က မဂ္ဂနီဆီယမ်၊ ဗီတာမင်အီးနဲ့ ဗီတာမင်ဘီစစ်တို့ ကြွယ်ဝစွာပါဝင်နေတာကို တွေ့ရပါတယ်။ မြေပဲထောပတ်စစ်စစ်ကို ရွေးချယ်ဝယ်ယူဖို့တော့ အကြံပြုပါရစေ။ သကြားဓာတ်များ ပါဝင်တဲ့ မြေပဲထောပတ်က ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။

(၃) အမဲသား၊ ကြက်ရင်အုံသား

အမဲသားနဲ့ကြက်ရင်အုံသားမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်နဲ့ သံဓာတ်က ကျန်းမာရေးအတွက် များစွာအထောက်အကူပြုလှပါတယ်။ ဒီလိုအသားမှာပါဝင်တဲ့ ကယ်လိုရီနဲ့ အဆီဓာတ်များက ဘေးဥပါဒ်ဖြစ်စေတဲ့ အရာတွေမဟုတ်ပါဘူး။ ကိုယ်ခန္ဓာကိုယ်ကြံ့ခိုင်ဖို့နဲ့ လျင်မြန်စွာကြီးထွားဖွံ့ဖြိုးဖို့ချင်တဲ့သူတွေအတွက် ဆရာဝန်များက ညွှန်ကြားထားတဲ့ အသားတစ်မျိုးပါပဲ။ ဘာစားစာမဝဘဲ ပိန်နေတယ်ဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ်ခန့် အမဲသားများများစားပေးပါ။ diet သဘောမျိုး စားခိုင်းတာမဟုတ်ပါဘူးနော်။ အာဟာရဓာတ်များ မပျောက်ပျက်သွားစေဖို့အတွက် ကြက်စွပ်ပြုတ်၊ အမဲသားပြုတ်ကို ကျန်းမာရေးနဲ့ ညီညွတ်စွာချက်ပြုတ်စားသုံးဖို့လည်း လိုပါသေးတယ်။ ဒါ့ကြောင့် ဝချင်တဲ့သူတွေအတွက်ကတော့ အသားစားတဲ့အခါမှာ အမဲသားနဲ့ ကြက်ရင်အုံသားကိုရွေးချယ်စားသုံးဖို့လည်း မမေ့ပါနဲ့နော်။

(၄) သဘာဝအချိုဓာတ်ပါဝင်တဲ့ သစ်သီးများ

ကျန်းကျန်းမာမာနဲ့ ဝချင်တယ်၊ ဝိတ်တက်ချင်တယ်ဆိုရင်တော့ အသား၊ အဆီတွေပဲစားမနေပါနဲ့။ အသီးအနှံများကိုလည်း စားသုံးသင့်ပါတယ်။ နေ့စဉ်နေ့တိုင်း ပန်းသီးတစ်လုံးစားသုံးမယ်ဆိုရင် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတယ်ဆိုတာကို အားလုံးသိကြမှာပါနော်။ ရာသီအလိုက် ထွက်ရှိတဲ့ အသီးအနှံများကိုလည်း စားသုံးဖို့မမေ့ပါနဲ့။ အထူးသဖြင့် သရက်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ ထောပတ်သီး စတဲ့အသီးအနှံများက သဘာဝသကြားဓာတ်၊ အဆီဓာတ်နဲ့ အချိုဓာတ်များ ပါဝင်နေတာကြောင့် အားအင်ဖြစ်စေပါတယ်။ ဒါကိုနေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင်တော့ ကျန်းကျန်းမာမာနဲ့ ဝိတ်တက်လာမှာပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*