အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများ

တခါတရံ အလုပ်တွေများတဲ့နေ့တွေဆိုရင်တော့ တစ်ညကို ၄နာရီလောက်အိပ်လိုက်ရုံနဲ့လည်း အိပ်ရေးဝပြီ၊ အိပ်ချိန်လုံလောက်ပြီလို့ ထင်မှတ်ကြပါတယ်။ တကယ်တော့ အိပ်ရေးဝလား၊ မဝဘူးလားဆိုတာကို ကိုယ့်ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေကအသိဆုံးပါ။ ဒါ့ကြောင့်မို့လို့ အိပ်ရေးမဝရင် ကိုယ့်ရဲ့ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေ ဘယ်လိုဖြစ်ပျက်နေမယ်၊ ကျန်းမာရေးဆိုးကျိုးဘာတွေ ဖြစ်ပေါ်နိုင်တယ် ဆိုတဲ့အကြောင်းကို သိထားဖို့တော့ လိုပါမယ်။ အခုဖော်ပြပေးတဲ့အချက်တွေဖြစ်နေပြီဆိုရင်တော့ သင်ဟာ အိပ်ချိန်လုံလုံလောက်လောက် လိုအပ်နေပါပြီ။

(၁) မကြာခဏဗိုက်ဆာနေမယ်

အိပ်ရေးပျက်ထားတဲ့အတွက် လူကပင်ပန်းနွမ်းနယ်နေတာကြောင့် အားအင်ဖြည့်ဖို့အတွက် ဗိုက်ဆာနေတတ်ပါတယ်။ အမြဲတမ်းလိုလို စားသလောက်လည်းမဝ၊ ဗိုက်ဆာနေမယ်ဆိုရင် သင်အိပ်ရေးပျက်ထားတာများနေလို့ပါ။ အိပ်ရေးမဝတဲ့အခါ ဆာလောင်တဲ့ဟော်မုန်းတွေ ပိုထွက်လာပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သကြားနဲ့ အဆီကို ပိုတောင့်တလာတဲ့သဘောပါ။

(၂) ကိုယ်အလေးချိန်တိုးလာမယ်

ညဘက်မအိပ်တာနဲ့ ဝလာတာက ဘယ်လိုဆက်စပ်မှုရှိလဲလို့ တွေးမိကြမှာပါပဲ။ အမှန်တကယ်လည်း ဝလာတာကို သတိပြုမိကြမှာပါ။ အိပ်ရေးမဝရင် ပိုစားနေမိလို့ ဝလာတာ သက်သက်ပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကလည်း နှေးကွေးသွားတာမို့လို့ မလိုအပ်တဲ့ အဆီပိုလောင်ကျွမ်းမှုတွေက ရပ်တန့်သွားတာကြောင့်ပါ။

(၃) မေ့လျော့မှုတွေကြုံတွေ့လာရမယ်

အိပ်ရေးပျက်တာများလာတဲ့ သူတစ်ယောက်ရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ခဏခဏမေ့လွယ်မယ်။ မှတ်ဉာဏ်တွေလျော့နည်းလာမယ်။ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာပါတယ်။ ဒါ့ကြောင့်လည်း ဆုံးဖြတ်ချက်ကို ချဖို့ မပြတ်မသားတွေဖြစ်ပြီး လုပ်ငန်းပျက်ရတဲ့ထိကို ဖြစ်နိုင်တဲ့အတွက် အိပ်ရေးမဝတဲ့ပြဿနာက တကယ့်ကိုကြောက်စရာကောင်းပါတယ်။

(၄) နေ့စဉ်လုပ်ငန်းဆောင်တာကို ထိခိုက်လာနိုင်တယ်

အိပ်ရေးမဝတာက အာရုံစူးစိုက်မှုမကောင်းရုံသာမက ကိုယ့်ရဲ့နေ့စဉ် လုပ်ငန်းဆောင်တာ၊ လုပ်ဆောင်မှုတွေကိုလည်း နှောင့်နှေးစေပါတယ်။ တစ်ခုခုလုပ်လိုက်တိုင်း အလွဲလွဲအချော်ချော် ဖြစ်နေတတ်ပြီး ပုံမှန်လုပ်နေကြအလုပ်တွေတောင်မှ ချောချောမွေ့မွေ့ဖြစ်မနေတော့ပါဘူး။]

(၅) ရောဂါဝင်ရောက်ဖို့လွယ်ကူသွားပါပြီ

မကြာခဏဖျားပြီး ချူချာလာတာကလည်း အိပ်ရေးမဝတာက စတာပါ။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ရေးမဝတဲ့အတွက် ရောဂါပိုးမွှားများကို တွန်းလှန်ဖို့ စွမ်းရည်တွေက ကျဆင်းလာလို့ပါ။ မကြာခဏဖျားမယ်၊ အအေးမိနှာစေး စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ တစ်ညကို ၇နာရီ၊ ၈နာရီလောက် ပုံမှန်မအိပ်စက်ဘူးဆိုရင် ရောဂါပိုး၊ အဖျားပိုးဝင်ရောက်နိုင်ချေ ၃ဆပိုများတယ်လို့ ဆေးပညာရှင်များက ဆိုပါတယ်။

(၆) အမြင်အာရုံဝေဝါးလာနိုင်ပါတယ်

မျက်လုံးရဲ့လုပ်ဆောင်ချက်ကလည်း လူတစ်ယောက်အတွက် အရေးပါတဲ့အစိတ်အပိုင်းပါပဲ။ ကောင်းမွန်စွာအိပ်စက်အနားမယူဘူးဆိုတာနဲ့ မျက်စိရဲ့လုပ်ဆောင်ချက်တွေကလည်း အားနည်းလာလို့ အမြင်အာရုံဝေဝါးလာတတ်ပါတယ်။ အိပ်ရေးမဝပင်ပန်းနုံးချိပြီး ကြွက်သွားတွေက ကောင်းကောင်းအလုပ်မလုပ်တဲ့အတွက်ကြောင့် မျက်လုံးအာရုံစူးစိုက်မှုပါ အားနည်းလာပြီး အမြင်ဝေဝါးလာရခြင်းပဲ ဖြစ်ပါတယ်။

(၇) အသားအရေပျက်စီးမယ်

ညဘက်အိပ်ရေးမဝရင် ဝက်ခြံထွက်တာ ဘာ့ကြောင့်လဲလို့ တွေးမိကြမယ်ထင်ပါတယ်။ အီထရိုဂျင်ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံထွက်ပေါ်လာရတာပါ။ အိပ်ရေးမဝတာနဲ့အမျှ အသားအရေကလည်း မွဲခြောက်ခြောက်ဖြစ်လာပါတော့တယ်။ ဒါ့ကြောင့် ဘယ်လောက်ပဲ အလှပြင်ဆင်နေပေမယ့်လည်း အိပ်ရေးမဝရင် စိုပြေလှပတဲ့အသားအရေမပိုင်ဆိုင်နိုင်တော့ပါဘူး။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*