ခဏတာပြိုကွဲသွားတဲ့အချစ်ရေးကို ဘယ်လိုပြန်ထူထောင်မလဲ

“လင်နဲ့မယား လျှာနဲ့သွား” ဆိုသလိုဘဲ စိတ်ချင်းအခန့်မသင့်ရင် ရန်ဖြစ်စကားများကြရတာ သဘာဝပါပဲ။ လင်မယားချင်းမှမဟုတ်ပါဘူး။ ချစ်သူသမီးရည်းစား ဘဝမှာလည်း အခက်အခဲ အမျိုးမျိုးကို ကြုံတွေ့ရပြီး နားလည်မှုလွဲတာတွေ၊ စိတ်ထပ်တူမကျတဲ့ အခါမျိုးတွေမှာ ရန်ဖြစ်၊ စကားများကြရပါတယ်။ ပြန်လည်ညှိနှိုင်းမှု မရှိတဲ့အခါမှာ အနှစ်နှစ်အလလ တည်ဆောက်လာခဲ့တဲ့ အချစ်ရေးက ခဏတာ ပြိုလဲသွားတာမျိုးလည်း ရှိတတ်သလို၊ ပြန်လည်အဖတ်ဆယ်လို့ မရအောင် ပြိုလဲပျက်စီးသွားတာတွေလည်း အများကြီး တွေ့မြင်နေရပါတယ်။

ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး နားလည်မှုလွဲတာဖြစ်ဖြစ်၊ စိတ်သဘောထားချင်း မတိုက်ဆိုင်ခဲ့ရင်ပဲဖြစ်ဖြစ်၊ ပြဿနာတက်ပြီး ရန်ဖြစ်စကားများကြပြီ ဆိုတာနဲ့ နှစ်ဦးသား တည်ဆောက်ခဲ့တဲ့ အချစ်ရေးက တဖြေးဖြေး  သွေးအေးလာစ ပြုလာပါတော့တယ်။ ဒီတော့… ဒီလိုခဏတာအေးစက်သွားတဲ့ အချစ်ရေး၊ ခဏတာပြိုကွဲသွားတဲ့ အချစ်ရေးကို အကောင်းပကတိ အတိုင်းပြန်ဖြစ်လာအောင် ဘယ်လိုပြန်ထူထောင်ရမလဲ ဆိုတဲ့အပေါ် အကြံပြုပါရစေ။

(၁) စိတ်တည်ငြိမ်အောင်ထားပါ

အရင်ဦးဆုံးသင်လုပ်ရမှာက စိတ်ကိုအတည်ငြိမ်ဆုံးဖြစ်အောင် လုပ်ရမှာပါ။ စိတ်တွေရှုပ်ထွေးပြီး တောင်တွေး၊ မြောက်တွေးဖြစ်နေမယ်ဆိုရင် Negative ဆန်တဲ့ စကားလုံးတွေပဲ ထွက်လာမှာပါ။ ဒါ့ကြောင့် နားလည်မှုလွဲတဲ့အခါ၊ ရန်ဖြစ်စကားများတဲ့အခါ စိတ်ကိုတည်ငြိမ်အောင် လုပ်ပြီးမှ ပြောသင့်မပြောသင့်စဉ်းစားပြီး ဖြေရှင်းကြဖို့ အကြံပြုပါရစေ။

(၂) အနိုင်ယူဖို့မကြိုးစားပါနဲ့

ရန်ဖြစ်စကားများနေတဲ့အချိန်မှာ ငါမှန်တယ်၊ နင်မှားတယ် ဆိုပြီး တစ်ဖက်သတ်ဆန်တဲ့ စွပ်စွဲမှုတွေကို ခဏမေ့ဖျောက်ထားလိုက်ပါ။ ဘာကိစ္စပဲဖြစ်ဖြစ် ငါမှန်တယ်၊ ငါနိုင်တယ်ဆိုတဲ့ အတ္တ၊ မာနတွေက သင့်တို့ရဲ့ အချစ်ရေးကို ယိုယွင်းသွားနိုင်ပါတယ်။ ဒါ့ကြောင့် နှစ်ယောက်စလုံး ခေါင်းအေးအေးထားပြီး အေးဆေးဖြစ်တဲ့အချိန်ကျမှ ပြဿနာရဲ့အရင်းအမြစ်ကို ရှာပြီး ကိုယ့်စီရဲ့ အမှားတွေကို အချိန်မီ ပြင်ဆင်လိုက်ကြပါ။

(၃) အရေးမပါတဲ့အရာနဲ့ အချိန်ကုန်ခံမနေပါနဲ့

ရန်ဖြစ်စကားများရတဲ့ အကြောင်းအရင်းက ဘာ့ကြောင့်လဲဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ ဘဝအတွက်အရေးပါတဲ့ ကိစ္စလား၊ အရေးမပါတဲ့အရာပဲလား ဆိုတာကို သိဖို့ လိုပါတယ်။ အရေးမပါတဲ့ အကြောင်းအရာလေး တစ်ခုကြောင့်ပဲ အနှစ်နှစ်အလလ တည်ဆောက်လာခဲ့တဲ့ Relationship ကြီးတစ်ခုလုံးကို အပျက်စီးမခံလိုက်ပါနဲ့။

(၄) အချိန်ယူစဉ်းစားပါ

တချို့ကိစ္စတွေက နှစ်ဦးနှစ်ဖက် အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်ကြတာ အကောင်းဆုံးပါ။ အချိန်ယူစဉ်းစားတာက ကိုယ့်စိတ်ကိုလည်း ပြန်လည်ဆန်းစစ်နိုင်သလို၊ ပြဿနာရဲ့ အရင်းအမြစ်ကိုလည်း တစ်ဖြေးဖြေးနားလည်လာပြီး နှစ်ဦးစလုံးအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာပါ။ ဒါ့ကြောင့် တခါတရံမှာ ကိစ္စတစ်ခုကို အချိန်ယူစဉ်းစားတာ အကောင်းဆုံးပါပဲ။

(၅) ပွေ့ဖက်ပါ

ပွေ့ဖက်တာက ကိုယ့်ရဲ့ကြင်နာမှု၊ နွေးထွေးမှုနဲ့ မေတ္တာကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး သင်္ကေတပါပဲ။ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေလွဲသွားပြီး သွေးအေးသွားတာမျိုး မဖြစ်စေဖို့ ပွေ့ဖက်ပြီး နှစ်သိမ့်ပေးနိုင်ပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*