Vietjet Aviation Joint Stock Company သည် Safran Aircraft Engines နှင့် နားလည်မှု သဘောတူစာချုပ်

Trong ảnh : Tổng Bí thư Nguyễn Phú Trọng và các đạ biểu tại Lễ bàn giao máy bay của Tập đoàn Airbus cho Vietjet Air. Ảnh : Trí Dũng – TTXVN

Vietjet သည် လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည်များ တိုးမြင့်စေပြီး ပြင်သစ်နိုင်ငံနှင့် စီးပွားရေးဆက်နွှယ်ဆောင်ရွက်မှုများကို တောင့်တင်းခိုင်မာစေမည့် Safran Aircraft Engines နှင့် နားလည်မှုသဘောတူစာချုပ်၊ GECAS France နှင့် ငွေကြေးသဘောတူညီချက်စာချုပ်များကို လက်မှတ်ရေးထိုး

 

  • နားလည်မှုသဘောတူစာချုပ်အရ Vietjet နှင့် Safran Aircraft Engines တို့ အတူပူးပေါင်းပြီး လေယာဉ် များစီမံခန့်ခွဲမှု၊ လေ့ကျင့်ရေးသင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု (R&D) အစီအစဉ်၊ နည်းပညာစီမံ ခန့်ခွဲမှုနှင့် ဒေသတွင်းအဆင့်မွမ်းမံထိန်းသိမ်းမှုစွမ်းဆောင်ရည်တည်ထောင်မှုများကို ဆောင်ရွက်ကြပါမည်။
  • GECAS France နှင့်ချုပ်ဆိုသော ငွေကြေးသဘောတူစာချုပ်က Airbus မှ အမေရိကန်ဒ်ါလာ သန်း ၈၀၀ တန်ဖိုးရှိ A321neo လေယာဉ်ခြောက်စီးကို Vietjet ၏ ၀ယ်ယူမှု၊ ငှားရမ်းမှုများတွင် ပံ့ပိုးပေးမည် ဖြစ်ပါသည်။
  • ဗီယက်နမ်နှင့် ပြင်သစ်နှစ်နိုင်ငံကြား သံတမန်ဆက်သွယ်မှု ၄၅ နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် တရားဝင်နှစ်ပတ်လည်လိုဂိုအမှတ်တံဆိပ်ပါသည့် Airbus A321 လေယာဉ်သစ်လွှဲပြောင်းခြင်း အခမ်းအနား ကိုလည်း Vietjet က ကျင်းပခဲ့ပါသည်။

(ရန်ကုန်၊ မတ် လ ၃၀ ရက်၊ ၂၀၁၈) – Vietjet ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုစွမ်းရည်ကို အားပေးထောက်ပံ့နိုင်ရန် အတွက် Vietjet Aviation Joint Stock Company သည် Safran Aircraft Engines နှင့် နားလည်မှု သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၇ ရက်၊ အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါသည်။  အဆိုပါ နားလည်မှုသဘောတူစာချုပ်အရ Safran Aircraft Engines သည်  Vietjet ကိုလေယာဉ်များစီမံခန့်ခွဲမှု၊ လေ့ကျင့်ရေးသင်တန်း၊ လောင်စာဆီအကျိုးရှိစွာအသုံးချမှုကဲ့သို့သော သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု (R&D) အစီအစဉ်၊ နည်းပညာစီမံခန့်ခွဲမှုနှင့် ဒေသတွင်းအဆင့်  ထောက်ပံ့မွမ်းမံထိန်းသိမ်းမှုဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်မှုများအတွက် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ Vietjet ၏ ဦးဆောင်သူများသည် အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ Airbus A321neo လေယာဉ်ခြောက်စင်း ၀ယ်ယူငှားရမ်းရေးအတွက် ငွေကြေးသဘောတူ စာချုပ်ကိုလည်း GECAS France နှင့် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါသည်။ ဤလက်မှတ်ရေးထိုးသည့် အခမ်းအနားကို ပြင်သစ်နိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး Mr. Nguyen Phu Trong ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Vietjet ၏ Vice President ဖြစ်သော Mr. Dinh Viet Phuong က “၂၀၁၁ ခုနှစ်မှာ CFM56 အင်ဂျင်တွေနဲ့ ကျွန်တော်တို့ လုပ်ငန်းတွေစတင်လည်ပတ်ချိန်ကတည်းက VietJet ဟာ CFM[1] ရဲ့ customer ဖြစ်ခဲ့တာပါ။ ဒီကနေ့သဘောတူညီချက်ဟာ Vietjet နဲ့ Safran – CFM ကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမှာ မှတ်တိုင်သစ်စိုက်ထူလိုက်တာပဲဖြစ်ပါတယ်။ အင်ဂျင်သစ်တွေက လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည်ကို တိုးတက်စေပြီး ကမ္ဘာ့ဈေးကွက်ကို လုပ်ငန်းတွေချဲ့ထွင်နိုင်ဖို့နဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်တိုးတက်ဖွံ့ဖြိုးမှုမဟာဗျူဟာကို ပြည့်မြောက်အောင်  ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ လက်ခံယုံကြည်ပါတယ်။ ဒီသဘောတူစာချုပ်သစ်ဟာ ဗီယက်နမ်နိုင်ငံနဲ့ ပြင်သစ် နိုင်ငံကြား စီးပွားရေးနဲ့ ကုန်သွယ်ဖလှယ်မှုတွေမှာ အပြုသဘောပံ့ပိုးကူညီပေးနိုင်ပြီး နှစ်နိုင်ငံလုံးက  ပြည်သူ ပြည်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်မယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

Safran Aircraft Engines and CFM ၏ Sales & Marketing  မှ Senior Vice President ဖြစ်သော Mr. Philippe Couteaux က “VietJet လေကြောင်းရဲ့ ရေရှည်တိုးတက်မှုမဟာဗျူဟာမှာ အတူတကွ တစ်သား တည်း ပါဝင်ရတဲ့အတွက် ကျွန်တော်တို့ အလွန် ၀မ်းမြောက်ပါတယ်။ ဒီနားလည်မှုသဘောတူစာချုပ်က VietJet Air နဲ့ ကျွန်တော်တို့ရဲ့ လတ်တလောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တွေနဲ့ သဘောချင်းထပ်တူပါပဲ။ Vietjet လေကြောင်းလိုင်း၊ Safran Aircraft Engines နဲ့ CFM တို့ကြား အပြန်အလှန်ယုံကြည်မှု ဆက်နွှယ်နေတာ ကိုလည်း ဒီစာချုပ်က ထင်ဟပ်စေပါတယ်။   ၀န်ဆောင်မှုလုပ်ငန်းတွေကို ပံ့ပိုးကူညီပေးရာမှာ ကျွန်တော်တို့ရဲ့ အများအသိအမှတ်ပြုခံရတဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကြောင့် VietJet Air က ကျွန်တော်တို့ကို ရွေးချယ်ခဲ့တာပါ။” ဟု ပြောကြားခဲ့ပါသည်။

ထို့အတူ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် Mr. Nguyen Phu Trong နှင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ရှေ့မှောက်၌ Vietjet သည် ဗီယက်နမ်နှင့် ပြင်သစ်နှစ်နိုင်ငံကြား သံတမန်ဆက်သွယ်မှု ၄၅ နှစ်ပြည့် မြောက်ခြင်း အထိမ်းအမှတ်အဖြစ် တရားဝင်နှစ်ပတ်လည်လိုဂိုအမှတ်တံဆိပ်ပါသည့် Airbus A321 လေယာဉ်အသစ်တစ်စင်းကို လက်ခံရယူခဲ့ပါသည်။ ဤ Airbus A321 လေယာဉ်သစ်သည် Vietjet က Airbus မှ မှာယူထားသော လေယာဉ် ၁၂၁ စင်းမှ ၄၃ စင်းမြောက်လေယာဉ်ဖြစ်ပြီး ယခုလွှဲပြောင်းပေးခြင်းသည် ကုမ္ပဏီနှစ်ခုကြားအလျင်မြန်ဆုံး ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။

လေယာဉ်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် Vietjet  Managing Director ဖြစ်သော Mr. Luu Duc Khanh က ပြောကြားရာ၌  ဗီယက်နမ်နဲ့ ပြင်သစ်နှစ်နိုင်ငံကြား သံတမန်ဆက်သွယ်မှု ၄၅ နှစ် ပြည့်မြောက်တဲ့ အထိမ်းအမှတ် တရားဝင်နှစ်ပတ်လည်လိုဂိုအမှတ်တံဆိပ်ကို ကျွန်တော်တို့ရဲ့ လေယာဉ်မှာ ထည့်သွင်းရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဒါက ဆန်းသစ်တီထွင်ပြီး ဘက်စုံအဆင့်မြှင့်တင်နေတဲ့ ဗီယက်နမ်ရဲ့ ထင်ရှားတဲ့ပုံရိပ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းဆီ မိတ်ဆက် ပေးဖို့ဆိုတဲ့ Vietjet ရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုတဲ့၊ အဓိပ္ပာယ် လေးနက် တဲ့ သက်သေသာဓကတစ်ခုပါပဲ။ ကျွန်တော်တို့ အသစ်တိုးချဲ့ထုတ်လုပ်လိုက်တဲ့ A321 လေ ယာဉ်သစ် ဟာ ကျွန်တော်တို့ရဲ့လုပ်ငန်းကို တိုးတက်အောင်လုပ်ခွင့်ပေးသလို ကျွန်တော်တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကိုလည်း တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ မြန်မာနိုင်ငံလို အာရှပစိဖတ်ဒေသတွင်းက တခြား ခရီးစဉ်တွေဆီ ထပ်မံတိုးချဲ့ခွင့်ကိုလည်း ရရှိစေပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်၍ “လေယာဉ်တွေတိုးချဲ့မှု၊ ပြင်သစ်လုပ်ငန်းမိတ်ဖက်တွေနဲ့အတူ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုအသစ်တွေနဲ့အတူ ကျွန်တော်တို့ဟာ ဗီယက်နမ်နဲ့ ပြင်သစ်နိုင်ငံကြား စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ကုန်သွယ်မှုတွေ ပူးပေါင်းဆောင်ရွက်ရာမှာ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပါဝင်ဆောင်ရွက်ဖို့ အနေအထား ကောင်းတစ်ခုရရှိလိုက်တာပါပဲ။” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ဗီယက်နမ်နှင့် ပြင်သစ်နှစ်နိုင်ငံကြား သံတမန်ဆက်သွယ်မှု ၄၅ နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် အတွက် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ဟနွိုင်းရှိ ပြင်သစ်သံရုံးတွင် စတင်ပွဲထုတ်ခဲ့သော တရားဝင်လိုဂိုအမှတ်တံဆိပ်တွင် non la (ထန်းရွက်ခမောက်) ဆောင်းထားပြီး အနီရောင် ao dai (ရိုးရာပိုးထည်ဝတ်စုံ) ၀တ်ဆင်ထားသည့် ဗီယက်နမ်အမျိုးသမီးလေးက ဘယ်ရီကက်ဦးထုပ်ဆောင်းပြီး အဖြူအပြာစင်းဝတ်စုံဝတ်ဆင်ထားသည့် ပြင်သစ်အမျိုးသမီးလေးတို့ လက်ချင်းတွဲထားသည့်ပုံရိပ်ကို ဖော်ပြထားပါသည်။  ယင်းလိုဂိုက နှစ်နိုင်ငံကြား ခင်မင်ရင်းနှီးမှုနှင့် နက်ရှိုင်းသောနားလည်မှုတို့ကို အသားပေးထင်ရှားစေပါသည်။.

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*