အင်္ဂလန်တွင် သမီးအရင်းနှင့် ကလေး ၃ ယောက်ရသော အသက် ၈၁ နှစ်အရွယ်ရှိ အဘိုးအို အဖမ်းခံရ

အင်္ဂလန်နိုင်ငံ၊ အနောက်ယော့ခ်ရှိုင်းယားခရိုင်၊ ဘရက်ဖို့ဒ်မြို့ တွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းက သမီးအရင်းဖြစ်သူနှင့် ကလေး ၃ ယောက်ရခဲ့သော ပင်စင်စားအဘိုးအိုတစ်ဦး ထောင်ဒဏ်ချမှတ်ခံလိုက်ရသည်။

ယင်းအဘိုးအို၏ သမီးက ၁၉၉၀ ပြည့်လွန်အစောပိုင်းကာလများတွင် သေအံ့မူးမူးဖြစ်နေချိန်တွင် ဖြစ်ရပ်မှန်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့်သာ ယခုဖြစ်ရပ်သိရှိခဲ့ရခြင်းဖြစ်သည်။

(ဘရက်ဒ်ဖို့ တရားရုံး)

သမီးဖြစ်သူ၏ ခင်ပွန်းက ယင်းဖြစ်ရပ်ကို ၂၀၁၂ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့ရာ ဒီအင်န်အေစစ်ဆေးချက်များအရ ကလေးများ၏ ဖခင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

အသက် ၈၁ နှစ်အရွယ်ရှိ အက်ရှ်ရက်ဖ် ခန်အမည်ရှိ အဘိုးအိုက သွေးသားရင်းနှင့် လိင်ဆက်ဆံခဲ့ကြောင်း ထုတ်ဖော်ဝန်ခံလိုက်ခြင်းကြောင့် ယမန်နေ့က ထောင်ဒဏ် ၄ နှစ်နှင့် ၆ လ ချမှတ်ခံလိုက်ရသည်။

ဘရက်ဒ်ဖို့ တရားသူကြီး ဂျိုနသန် ဒါဟမ် ဟောလ်က စီရင်ချက်ချရာ၌ ပြောကြားရာတွင် “ခင်ဗျားဟာ အလွန်ကျက်သရေတုံးပြီး ယုတ်မာတဲ့ပုဂ္ဂိုလ်တစ်ဦးဆိုတာ ကျွန်တော်တို့အားလုံး တွေ့ရတယ်။ သူသေလုမြောပါးအချိန်မှာ ဖွင့်ဟသွားတာတွေဟာ သိပ်ပြီး ထိတ်လန့်ကြောက်ရွံ့ ဖို့ ကောင်းတယ်။ သူ့ရဲ့ ဝိဥာဉ်ဟာ ဒီအမဲစက် စိတ်ဒဏ်ရာကြီးကို သူနဲ့အတူ သယ်ဆောင်သွားတော့မှာ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

(တရားသူကြီး ဂျိုနသန် ဒါဟန်ဟောလ်)

တရားရုံးကြားနာချက်အရ အက်ရှ်ရက်ဖ်ခန်၏ သားသမီး ၆ ဦးအနက် အဆိုပါမိန်းကလေးကို ၁၉၆၀ ပြည့်လွန်ကာလများအတွင်း ပါကစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့သည်။

၁၉၈၀ ပြည့်လွန်ကာလများတွင် ခင်ပွန်းဖြစ်သူနှင့် ပါကစ္စတန်တွင် လက်ထပ်ခဲ့ပြီး ခင်ပွန်းနှင့် ဖခင်တို့ရှိရာ အနောက်ယော့ခ်ရှိုင်းယား၊ ဘရက်ဖို့ဒ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

သူ မကွယ်လွန်မီ ၁၀ စုနှစ်အတွင်း ကလေး ၃ ဦးမွေးဖွားသွားခဲ့သည်။

ယင်းနောက် သေလုဆဲအချိန်များတွင်မှ အဆိုပါ ကလေး ၃ ဦး၏ ဖခင်မှာ ၎င်း၏ ဖခင်သာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုပါအမျိုးသမီး၏ ခင်ပွန်းကမူ ယင်းကလေးများကို သားသမီးရင်းသဖွယ် ဆက်လက်ပြုစုစောင့်ရှောက်လိုခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်ရပ်များကို ရဲတပ်ဖွဲ့သို့ ၂၀၁၂ ခုနှစ်တွင် တိုင်ကြားလိုက်ချိန်၌ အက်ရှ်ရက်ဖ်ခန်သည် ပါကစ္စတန်သို့ ပြန်သွားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ပါကစ္စတန်မှ ပြန်လည်ရောက်ရှိလာချိန်တွင်လည်း သမီးဖြစ်သူနှင့် လိင်ဆက်ဆံမှု မရှိခဲ့ကြောင်းငြင်းဆန်ခဲ့သည်။

သို့ရာတွင် ၎င်းအားတရားရုံးတွင် စစ်ဆေးခြင်းမပြုမီ တစ်လခန့်အလိုတွင်မူ သမီးဖြစ်သူနှင့် လိင်ဆက်ဆံခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

တရားရုံး၏ စီရင်ချက်ပြီးပြတ်သွားပြီးနောက် ကလေး ၃ ဦးအနက် တစ်ဦးက ပြောကြားခဲ့သည်မှာ “ဒီလိုမျိုးဖြစ်ရပ်တွေ ကြုံတွေ့ရတဲ့ အခြားသူတွေအနေနဲ့လည်း ရဲရဲဝံ့ဝံ့နဲ့ ရှေ့ ထွက်လာသင့်ပါတယ်။ ဒါမှသာ ဒီလိုမျိုးကျူးလွန်တဲ့သူတွေကို တရားရုံးကို ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“အခုဆိုရင် ကျွန်တော်တို့အတွက် မားမားမတ်မတ် ရပ်တည်ပေးနေတဲ့သူဟာ သွေးသားမတော်စပ်တဲ့သူ တစ်ဦးဖြစ်နေပါတယ်။ သူဟာ ကျွန်တော်တို့ကို သူ့ရဲ့ သားသမီးရင်းသဖွယ် ပြုစုစောင့်ရှောက်ခဲ့တာပါ။ သူ့ရဲ့ စွန့်လွှတ်စတေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်လို့ပြောဖို့ ဘယ်လိုစကားလုံးနဲ့မှ မလုံလောက်ပါဘူး။ သူ..ဘယ်လောက်တောင် စိတ်ဒဏ်ရာရခဲ့၊ နာကျင်ခဲ့ရမလဲဆိုတာ ကျွန်တော်တို့ မှန်းဆလို့ မရပါဘူး။ ကျွန်တော်တို့အပေါ်မှာ သူလုပ်ဆောင်ပေးခဲ့တဲ့ ကျေးဇူးတရားတွေအတွက် ဘယ်လိုမှ အပြည့်အဝပြန်လည်ပေးဆပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

Cherie (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*