Microsoft ပဲ့ကိုင်ရှင် ပေါလ်အယ်လန်ရဲ့ လူသိနည်းတဲ့ အချက် ၅ ချက်

ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ တီထွင်မှုတွေ လုပ်ဆောင်ခဲ့သူ ၊ သိပ္ပံသုတေသန ၊ အနုပညာနဲ့ ပရဟိတအလုပ်တွေအတွက် ဘီလျံနဲ့ ချီတဲ့ ငွေတွေ လှူဒါန်းခဲ့တဲ့ Microsoft ပူးတွဲတည်ထောင်သူ ပေါလ်အယ်လန်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက် တနလာင်္နေ့ မှာ ဘဝတစ်ပါး ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

သူ့ ဘဝဟာ တောက်ပတဲ့ ဘဝ ၊ ထူးခြားဆန်းပြားပြီး လှုပ်ရှားရုန်းကန်ခဲ့ရတဲ့ ဘဝလို့ ဆိုနိုင်ပါတယ်။ အသက် ၆၅ နှစ်ဟာ သိပ်ပြီး အရွယ်လွန်လှပြီလို့ မဆိုနိုင်ပေမယ့် သူ့ ဘဝမီးတိုင်ဟာ အထိန်ဆုံး တောက်ပခဲ့တာပါ။ ၁၉၇၅ သူအသက် ၂၂ နှစ်သားမှာ သူ့ မိတ်ဆွေ ဘီလ်ဂိတ်စ်နဲ့ အတူ Microsoft ကို တည်ထောင်ခဲ့တာကလည်း တကယ့်စွန့် စားခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၉၈၀ မှာ IBM က သူတို့ ရဲ့ ပထမဆုံး PC တွေအတွက် OS ရေးဖို့ ပေါလ်နဲ့ ဘီလ်ဂိတ်စ်တို့ ကို အပ်ရာကနေ ဘီလျံနာဖြစ်လာခဲ့တာပါ။ သူဖြတ်သန်းခဲ့တဲ့ ဘဝဟာ မှတ်သားစရာတွေ ပြည့်နေပေမယ့် လူအတော်များများက သူ့ အကြောင်းကို Microsoft ဘီလျံနာတစ်ယောက်ဆိုတာထက် သိပ်များများစားစား မသိကြပါဘူး။

(၁) အယ်လန်လည်း ဘွဲ့ မရခဲ့ပါဘူး

ပေါလ်ရော ဘီလ်ဂိတ်စ်ပါ Lakeside School မှာ ကျောင်းအတူတူ တက်ခဲ့တာပါ။ ပေါလ်က ဘီိလ်ဂိတ်စ်ထက် ၂ နှစ်ကြီးပါတယ်။ ပေါလ်က ၁၄ နှစ် ၊ ဂိတ်စ်က ၁၂ နှစ် ။ တက္ကသိုလ်ပညာရေးမှာ ပေါလ်ဟာ Washington State University မှာ programmer ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ကွန်ပျူတာသိပ္ပံတန်း တက်ခဲ့ပြီး ၂ နှစ်အကြာမှာ ကျောင်းက ထွက်ခဲ့ပါတယ်။  နောက်ပိုင်းမှာ WSU ရဲ့ ကမ္ဘာ့တိရစ္ဆာကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပေါဂျီအယ်လန်ကျောင်း ဆောက်ဖို့ ဒေါ်လာ ၂၆သန်း လှူဒါန်းခဲ့ပါတယ်။ သူ့ သူငယ်ချင်း ဘီလ်ဂိတ်စ်လည်း ဟားဗတ်ကနေ ပညာသင် တစ်ပိုင်းတစ်စနဲ့ ထွက်ခဲ့သူ ဖြစ်ပါတယ်။

(၂) အားကစားအသင်းတွေ ပိုင်ဆိုင်ပါတယ်

အမေရိကန်မှာ အားကစားအသင်း ၃ သင်းကို ပိုင်တာပါ။ ၂ သင်းက သူတစ်ယောက်တည်း ပိုင်တာ ဖြစ်ပြီး တစ်ခုက ပူးတွဲပိုင်ဆိုင်တဲ့ ရှယ်ယာရှင်ဖြစ်ပါတယ်။ NFL က Seattle Seahawks ဘောလုံးအသင်း ၊ NBA က Portland Trailblazers ဘက်စကတ်ဘောအသင်း တို့ က သူတစ်ဦးတည်းအပိုင်ဖြစ်ပြီး မေဂျာလိဂ်က Seattle Sounders ကိုတော့ တစ်ခြားသူနဲ့ ပူးတွဲပိုင်ဆိုင်ပါတယ်။

(၃) လက်သံပြောင်တဲ့ ဂစ်တာသမား

အမေရိကန် ရော့ခ်အဆိုကျော် ဂျင်မီ ဟင်းဒရစ်ကို အသည်းစွဲအားပေးတဲ့ ပေါလ်အယ်လန်ဟာ ကိုယ်တိုင်ကလည်း ဂစ်တာ သမားတစ်ယောက် ဖြစ်ပါတယ်။ Grown Men ဆိုတဲ့ တီးဝိုင်းမှာတောင် သူဂစ်တာဝင်တီးခဲ့ပါတယ်။ အဲဒီ အယ်လ်ဘန်ကတော့ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ခဲ့ပါတယ်။

(၄) အပိုမမှီးတဲ့ တစ်ကိုယ်တည်း ဘီလျံနာ

ပေါလ်အယ်လန်ဟာ သေဆုံးချိန်အထိ အိုးအိမ်ထောင်မရှိသူ အဖြစ် နေထိုင်သွားခဲ့ပါတယ်။ ဂျိုဒီအယ်လန်ဆိုတဲ့ နှမလေး တစ်ယောက်ပဲ ရှိခဲ့ပြီး သူဘဝတစ်လျှောက်လုံး သူပိုင်ဆိုင်တဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာကို ရွက်လှေ ၊ အနုပညာပစ္စည်းများ ၊ ရော့ခ်ဂီတ ၊ အားကစားအသင်းများ ၊ ဦးနှောက်သုတေသန နဲ့ အိမ်ခြံမြေလုပ်ငန်းများမှာ ရင်းနှီးမြှပ်နှံရင်း ပျော်မွေ့ ခဲ့တာပါ။
အများအကျိုးအတွက် သူ့ တစ်သက် လှူဒါန်းမှုက ဒေါ်လာ ၂ ဘီလျံကျော် ရှိခဲ့ပါတယ်။

(၅) ကုမ္ပဏီထောင်ပြီး ၈ နှစ်အကြာမှာ ကင်ဆာရောဂါစတင်ရခဲ့ခြင်း

သူ့ အသက် ၃၀ ပြည့်ခါစလေးမှာ သွေးဖြူဆဲလ်တွေ ပျက်စီးတဲ့ Non-Hodgkin Lymphoma ဆိုတဲ့ သွေးကင်ဆာရောဂါဝင်ခဲ့ပါတယ်။ ဒီရောဂါရချိန်မှာ သူ့ ဘဝရဲ့ အတောက်ပဆုံး နေဆန်းချိန်ဖြစ်ပေမယ့် Microsoft ကနေပါ ထွက်ခဲ့ရပါတယ်။ ကျန်းမာရေးအရ ပြောမယ်ဆိုရင် သူ ကင်ဆာကို နိုင်ခဲ့ပါတယ်။ ၂၀၀၉ မှာတော့ ကင်ဆာတစ်ရေးနိုးချိန်နဲ့ ပြန်ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၈၂ ခုနှစ်က ရောဂါလက္ခဏာပြခဲ့ပြီး ၂၀၀၉ ခုနှစ်မှာလည်း ပြန်လည်ကျော်ဖြတ်နိုင်ခဲ့တဲ့ ပေါလ်ဟာ၂၀၁၁ ခုနှစ်က ရေးခဲ့တဲ့ သူ့ ဘဝအကြောင်း ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် Idea Man မှာ “‘ဒီတစ်ခါ ပြန်ကောင်းလာခဲ့ရင် ဘဝဟာ တိုလွန်းလို့ မပျော်မရွှင်နဲ့ ကုန်ဆုံးဖို့ မတန်ဘူး”လို့ ရေးခဲ့ပါတယ်။ ကင်ဆာကို ၂ ခါ ကျော်ဖြတ်နိုင်ခဲ့မှုကြောင့် ရောဂါကနေ လွတ်ဖို့ အကောင်းမြင်ခဲ့ပေမယ့် ပေါလ်ဟာ သေမင်းရဲ့ ရှည်လျား များပြားလွန်းတဲ့ လက်ချောင်းတွေအကြားကနေ ထွက်သွားလို့ မရတော့ပါဘူး။ သူကွယ်လွန်ချိန်မှာ သူ့ မိတ်ဆွေဘီလ်ဂိတ်စ်က သူမရှိရင် PC ခေတ်ရောက်မှာ မဟုတ်ဘူးလို့ သူ့ ရဲ့ အရေးပါမှုကို ဝမ်းနည်းစကားဆိုပြီး ဂုဏ်ပြုခဲ့ပါတယ်။ သူသေဆုံးချိန်မှာ Forbes မဂ္ဂဇင်းအရ ဒေါ်လာ ဘီလျံ ၂၀ ကျော် ကြွယ်ဝပြီး ကမ္ဘာ့ ၄၄ ဦးမြောက် အချမ်းသာဆုံး အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*