Latest post

မိုင်လေဆိုင်းရပ်စ်အိမ်လည်း ပြာကျသွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းတွင် အဆိုးရွားဆုံးအဖြစ် စံချိန်တင်ခဲ့သော ယခုလောင်ကျွမ်းနေသည့် တောမီးကြီးတွင် ဂျရတ်ဘတ္တလာနှင့် မိုင်လေဆိုင်းရပ်စ်တို့၏နေအိမ် မီးသင့်သွားပြီဖြစ်ပြီး ဆိုင်မွန်ကိုဝဲလ်၏ မာလီဘူးအရပ်ရှိ စံအိမ်ကြီးမှာလည်း မီးဘေးသင့်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

တောမီးလောင်ပြီးသွားသော တစ်နေရာ

ယခုအချိန်ထိ ဖော်ထုတ်သိရှိထားရသည့် သေဆုံးသူဦးရေမှာ ၃၁ ဦးရှိနေပြီ ဖြစ်သည်။

လေဒီဂါဂါနှင့် ဝီလ်စမစ်တို့သည်လည်း နေအိမ်များမှ စွန့်ခွာထွက်ပြေးသွားကြရပြီဖြစ်သည်။

ကယ်လီဖိုးနီးယား တောမီးကြီးကို ဆက်သွယ်ရေးဂြိုဟ်တုမှ တွေ့မြင်ရပုံ

ကင်မ်ကာဒါရှီယန်မှာမူ ယမန်နေ့ကတည်းက ထွက်ပြေးသွားခဲ့ရခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဂြိုဟ်တုမှ တွေ့မြင်ရပုံ

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ရွေ့လျား ဒီအင်န်အေဓာတ်ခွဲခန်းတစ်ခုနှင့် ပညာရှင်များကို စေလွှတ်ထားကာ သေဆုံးသူများကို စစ်ဆေးဖော်ထုတ်ရန် စီစဉ်နေသည်။

ဆိုင်မွန်ကိုဝဲလ်၏ ပေါင် ၁၈ သန်းတန်ကြေးရှိ စံအိမ်ကြီးမှာ မကြာမီ မီးသင့်တော့မည့်အန္တရာယ်ရင်ဆိုင်နေရ

ယခုအချိန်အထိ လူပေါင်း ၃၀၀,၀၀၀ ကျော် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီဖြစ်ပြီး ၂၀၀ ဦးခန့်မှာ တောမီးအတွင်း ပျောက်ဆုံးနေသည်။

ဆိုင်မွန်ကိုဝဲလ်သည် မာလီဘူးစံအိမ်ကို ဝယ်ယူထားသည်မှာ တစ်နှစ်ခန့်သာရှိသေး

ဆိုင်မွန်ကိုဝဲလ်မှာ နေအိမ်တွင်းရှိ ပစ္စည်းများကို အလျင်စလိုထုတ်ပိုးသယ်ယူလျက်ရှိနေပြီး မီးညွန့်မှာ သူ၏နေအိမ်နှင့် မိုင်အနည်းငယ်သာလိုတော့ပြီး မကြာမီရောက်ရှိလာတော့မည် ဖြစ်သည်။

တွစ်တာတွင် တွေ့ရသော ဓာတ်ပုံတစ်ခု

X Factor ဒိုင်လူကြီးတစ်ဦးလည်းဖြစ်သော ဆိုင်မွန်ကိုဝဲလ်သည် အိပ်ခန်း ၇ ခန်းပါ ကမ်းခြေစံအိမ်ကြီးကို ပြီးခဲ့သောနှစ်အတွင်းကမှ ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

မီးသတ်သမားများ မီးငြိမ်းသတ်နေပုံ

(ကယ်လီဖိုးနီးယား တောမီးကြီး၏ အချက်အလက်များ)

  • ကယ်လီဖိုးနီးယားသမိုင်းတွင် အဆိုးရွားဆုံးဖြစ်
  • ၃၁ ဦးသေဆုံးသွားပြီဖြစ်ပြီး ၂၀၀ ဦးပျောက်ဆုံးနေ
  • ၁၆၄ စတုရန်းမိုင် မီးလောင်ကျွမ်းခဲ့ပြီးဖြစ်
  • လူပေါင်း ၃၀၀၀၀၀ ခန့် ထွက်ပြေးခဲ့ရ
  • လက်ရှိ စာရင်းရရှိထားမှုများအရ မီးလောင်ကျွမ်းခဲ့သည့်နေအိမ် ၁၇၇ လုံးရှိ

လော့စ်အိန်ဂျလိမြို့ အနောက်မြောက်ဘက်စွန်း ဆန်ဖာနန်ဒိုတောင်ကြားမှသည် မာလီဘူးကမ်းခြေအထိ မီးခိုးလုံးကြီးများ ကောင်းကင်တစ်ခွင် မှောင်မည်းလျက်ရှိနေသည်။

လေယာဉ်များ၊ ရဟတ်ယာဉ်များသည် တောင်ကုန်းများ၊ ချောက်များတွင် အနိမ့်ပျံသန်းကာ မီးငြိမ်းသတ်လျက်ရှိကြသည်။

မနက်ဖြန်အထိ လေပြင်းများ ဆက်လက်တိုက်ခတ်နေဖွယ်ရှိပြီး တောမီးမှာလည်း အဟုန်ပြင်းစွာဖြင့် ဆက်လက်လောင်ကျွမ်းနေဦးမည်ဖြစ်ကြောင်း အာဏာပိုင်တို့က သတိပေးထားသည်။

အမေ၇ိကန်အဆိုတော် ရော်ဘင်သစ်ကီ၏ နေအိမ် မီးလောင်သွားပုံ

မိုင်လေဆိုင်းရပ်စ်က သူ၏နေအိမ်မီးလောင်သွားပြီဖြစ်ကြောင်း တွစ်တာလူမှုကွန်ရက်တွင် အတည်ပြုခဲ့သည်။

“ကျွန်မရဲ့ အသိုက်အမြုံလေးကို မီးကလုံးဝဖျက်ဆီးလိုက်ပါပြီ။ ကျွန်မက ကံကောင်းသူတွေထဲမှာတော့ ပါပါတယ်။ တိရ စ္ဆာန်လေးတွေနဲ့ ကျွန်မ ဘေးအန္တရာယ်ကင်းစွာနဲ့ မီးဘေးက လွတ်ကင်းလာခဲ့ပါတယ်။ ကျွန်မရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အမှတ်တရတွေအများကြီး ရှိခဲ့တဲ့ အိမ်လေးကတော့ မရှိတော့ပါဘူး” ဟု မိုင်လေဆိုင်းရပ်စ်က တွစ်တာတွင် ရေးသားထားသည်။

မိုင်လေဆိုင်းရပ်စ်က တွစ်တာတွင် ရေးသားခဲ့ပုံ

ကမ္ဘာကျော် သရုပ်ဆောင် ဂျရတ် ဘတ္တလာကလည်း သူ၏နေအိမ်မီးလောင်နေစဉ် selfie ဓာတ်ပုံရိုက်ကာ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

လော့စ်အိန်ဂျလိ မီးသတ်တပ်ဖွဲ့အကြီးအကဲ ဒါရေးလ် အော့စ်ဘီက ပြောကြားရာတွင် “ကျွန်တော်တို့ရဲ့ မီးသတ်ရဲဘော်တွေဟာ သူတို့တစ်သက်တာမှာ မကြုံဖူးခဲ့တဲ့ အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

အယ်လင် ဝေါလ်ကာအမည်ရှိ အသက် ၇၀ ကျော် အဖွားအိုတစ်ဦးမှာမူ နေအိမ်ကို မီးလောင်နေချိန်တွင် နာမကျန်းဖြစ်နေခဲ့ပြီး မီးထဲပါသွားခဲ့ကာ သူ၏အလောင်းကို ကုတင်ပေါ်တွင် တွေ့ခဲ့ရသည်။

Wigwam(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*