ကမ္ဘာကျော် ဒစ္စနေးလန်းဟိုတယ်ကြီး ဂျပိုးကိုက်သောကြောင့် တရားစွဲခံရ

ကမ္ဘာကျော် Disneyland ဟိုတယ်ကြီးတွင် တည်းခိုခဲ့သည့် အမျိုးသမီးတစ်ဦးက တစ်ကိုယ်လုံးတွင် ဂျပိုးကိုက်ခံခဲ့ရသောကြောင့် ဟိုတယ်အား တရားစွဲဆိုလိုက်သည်။

အိုင်ဗီ အယ်လ်ဒရစ်ဂ်ျအမည်ရှိ အမျိုးသမီးသည် ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းတွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ လော့စ်အိန်ဂျလိမြို့ပြင် Anaheim အရပ်ရှိ  Disneyland ဟိုတယ်၌ တည်းခိုခဲ့ခြင်းဖြစ်ပြီး အိပ်ရာနိုးလာချိန်တွင် တစ်ကိုယ်လုံးဂျပိုးကိုက်ခံထားရသောကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်ခဲ့ရသည်ဟု ဆိုသည်။

တစ်ကိုယ်လုံးဂျပိုးကိုက်ခံခဲ့ရ

ဂျပိုးကိုက်ဒဏ်ရာများအတွက် ဆေးရုံသို့ပင် သွားရောက်ပြသခဲ့ရသည်။

တစ်သျှူးစာရွက်တစ်ခုအတွင်း ဂျပိုးများတင်ကာ ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားခဲ့ပုံ

ရှေ့နေ ဘရိုင်ယန် ဗီရက်ဂ်ျက အိုင်ဗီ၏ ကိုယ်စားတရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး Disneyland ဟိုတယ်ကိုသာမက ဝေါ့ဒစ္စနေ ကုမ္ပဏီနှင့် Disney Parks and Resorts တို့ကိုပါ တရားစွဲခဲ့သည်။

“လူတွေက ဒစ္စနေရဲ့ နာမည်အပေါ် ယုံကြည်ကြပြီးတော့ ဒေါ်လာတွေ အများကြီးပေးပြီး Disneyland ဟိုတယ်မှာ တည်းခိုကြတယ်။

အခုအမှုမှာတော့ အိုင်ဗီရဲ့ ယုံကြည်မှုကို သစ္စာဖောက်ခံခဲ့ရပါတယ်”ဟု ရှေ့နေ ဘရိုင်ယန်က ပြောကြားသည်။

“အခုဟာက တစ်ချက်နှစ်ချက်လောက် အကိုက်ခံရတဲ့ သာမန်ဖြစ်ရပ်မျိုးမဟုတ်ပါဘူး။

အိုင်ဗီဟာ နားရွက်တွေ၊ လည်ပင်း၊ လက်မောင်းတွေ၊ ကျောကုန်းတွေ အပါအဝင် တစ်ကိုယ်လုံးအကိုက်ခံခဲ့ရတာပါ။ အိုင်ဗီဟာ ဂျပိုးအများကြီးသတ်ခဲ့ရပြီး သားသတ်သမားဘဝရောက်ခဲ့ရပါတယ်”

တရားစွဲဆိုမှုတွင် ဖော်ပြထားရာ၌ Disneyland ဟိုတယ်သည် ဂျပိုးကိုက်မှုဖြစ်စဉ်ကို သိရှိကြောင်း၊ သို့တိုင်အောင် အရေးယူကိုင်တွယ် ဖြေရှင်းမှုမရှိကြောင်း ဖော်ပြထားသည်။

Disneyland ဟိုတယ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ ယခုအမှုနှင့်စပ်လျဉ်းပြီး ထင်မြင်ချက်ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း Disneyland ဟိုတယ်သည် ဧည့်သည်များ၏ ဘေးကင်းလုံခြုံရေးအတွက် ကြီးမားသည့်ကြိုတင်ကာကွယ်ရေး လုပ်ဆောင်မှုများ ပြုလုပ်ထားကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ဟိုတယ်တွေမှာ ဧည့်သည်သန်းပေါင်းများစွာကို ဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။

ဒီလိုဖြစ်ရပ်မျိုးကတော့ သိပ်ကို ရှားပါးပါတယ်။

ဟိုတယ်မှာ နေထိုင်စဉ်ကာလအတွင်း ကျွန်တော်တို့ရဲ့ဧည့်သည်တွေ သက်တောင့်သက်သာဖြစ်ဖို့နဲ့ ဘေးကင်းလုံခြုံစေဖို့အတွက် ကြီးမားတဲ့ ကြိုတင်ကာကွယ်မှု အစီအမံတွေ လုပ်ဆောင်ထားပါတယ်”ဟု Disneyland ဟိုတယ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

Wigwam(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*