
၁၉၁၂ ခုနှစ်က နစ်မြုပ်သွားခဲ့သော တိုက်တန်းနစ်သင်္ဘောကြီးနှင့် တစ်ပုံစံတည်းတူညီသော တိုက်တန်းနစ် II သင်္ဘောကြီးကို ဆောက်လုပ်လျက်ရှိနေသည်။ ရုပ်ရှင်ရိုက်ရန်မဟုတ်ချေ။ အမှန်တကယ် ဝန်ဆောင်မှုပေးမည့် သင်္ဘောကြီးအဖြစ် ဆောက်လုပ်နေခြင်းဖြစ်သည်။

၁၉၁၂ ခုနှစ်က ရေခဲမြောကြီးတစ်ခုနှင့်တိုက်မိကာ နစ်မြုပ်သွားခဲ့သော တိုက်တန်းနစ်သင်္ဘောကြီးသည် ယဉ်ကျေးမှုပုံရိပ်တစ်ခုသဖွယ်လည်း ဖြစ်ခဲ့သည်။
များစွာသော ရုပ်ရှင်၊ ဂီတများတွင် တိုက်တန်းနစ်သင်္ဘောကြီးကို အခြေခံ၍ ဖွဲ့ဆို၊ ဖန်တီးခဲ့ကြမှုများ ရှိသည်။
ယခုခြေလှမ်းမှာမူ တိုက်တန်းနစ်သင်္ဘောကြီးအပေါ် အကြီးမားဆုံးဂုဏ်ပြုခြင်းဟု ဆိုရမည် ဖြစ်သည်။
ယခုကဲ့သို့ တိုက်တန်းနစ်သင်္ဘောကြီး ပုံတူပြန်လည်တည်ဆောက်မည့်စိတ်ကူးမှာ သြစတေးလျဘီလျံနာကြီး ကလစ်ဗ် ပန်မာ၏ စိတ်ကူးဖြစ်သည်။
ပန်မာသည် Mineralogy အမည်ရှိ ကုမ္ပဏီ၏ ပိုင်ရှင်လည်းဖြစ်သည်။

သတ္တုတွင်းကုမ္ပဏီတစ်ခုဖြစ်ပြီး သြစတေးလျနိုင်ငံ အနောက်မြောက်ပိုင်းတွင် တန်ချိန်ပေါင်း ၁၆၀ ဘီလီယံရှိနေသည့် သံမဏိသတ္တုတွင်းကြီး ပိုင်ဆိုင်ထားသည်။
ကလစ်ဗ်ပန်မာ၏ အမည်အပြည့်အစုံမှာ ကလစ်ဗ် ဖရက်ဒရစ် ပန်မာဖြစ်ပြီး သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်၊ မဲလ်ဘုန်းမြို့ ဆင်ခြေဖုံးတွင် မွေးဖွားသူဖြစ်ပြီး သံမဏိ၊ နီကယ်၊ ကျောက်မီးသွေးလုပ်ငန်းများဖြင့် ချမ်းသာကြွယ်ဝသူဖြစ်ပြီး Blue Star Line အမည်ရှိ သင်္ဘောကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားသည်။
“တိုက်တန်းနစ်ရဲ့ ဒဏ္ဍာရီဟာ ရာစုနှစ်တစ်ခုလုံး လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အတိပြီးနေခဲ့တယ်။ တိုက်တန်းနစ်သင်္ဘောကြီးနဲ့ ခရီးထွက်လိုသူ၊ ဆိပ်ကမ်းတွေမှာ တွေ့မြင်လိုသူတွေ သန်းပေါင်းများစွာ ရှိနေပါတယ်။ Titanic II ဟာ ဒီအိပ်မက်တွေကို အမှန်တကယ်ဖြစ်လာစေဖို့ အကူအညီပေးမယ့် သင်္ဘောကြီးဖြစ်ပါတယ်”

ယခုစီမံကိန်းကို သြစတေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့အခြေစိုက် Blue Star Line ကုမ္ပဏီက အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
Titanic II ၏ ပထမဆုံးခရီးစဉ်အဖြစ် ၂၀၂၂ ခုနှစ်တွင် ဒူဘိုင်းမှ စတင်ထွက်ခွာကာ အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တန်သို့ သွားရောက်မည်ဖြစ်ပြီး ရက်သတ္တ ၂ ပတ်ကြာမည့် ခရီးစဉ်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါခရီးစဉ်ပြီးဆုံးပါက မူလတိုက်တန်းနစ်သင်္ဘောကြီး ထွက်ခဲ့သည့်ခရီးစဉ်လမ်းကြောင်းအတိုင်း ခရီးထွက်ရန် နယူးယောက်မြို့သို့ ဦးတည်သွားရောက်မည်ဖြစ်သည်။
မူလတိုက်တန်းနစ်သင်္ဘောကြီးမှာ ၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တန်မှ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ဦးတည်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၅ ရက် နံနက်တွင် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရေခဲတောင်နှင့် တိုက်မိကာ နစ်မြှုပ်သွားခဲ့သည်။
သင်္ဘောပေါ်တွင် ခရီးသည်နှင့် အမှုထမ်းပေါင်း ၂၂၂၄ ဦးလိုက်ပါခဲ့သည့်အနက် ၁၅၀၀ ကျော် သေဆုံးခဲ့ရသည်။

တိုက်တန်းနစ်သင်္ဘောကြီး၏ ကုမ္ပဏီမှာ White Star Line ဟု အမည်ရပြီး ယခုကုမ္ပဏီမှာ Blue Star Line ဟု အမည်ရသည်။

ရေခဲတောင်ကြီးကို စတင်တွေ့ရှိခဲ့သည်မှာ သြဂုတ်လ ၁၄ ရက်၊ ညသန်းခေါင်အချိန်တွင် ဖြစ်ပြီး သင်္ဘောလမ်းကြောင်းကို အလျင်အမြန်ပြောင်းလဲလိုက်နိုင်သော်လည်း သင်္ဘောနံရံ ရေပြင်ထိစပ်မျဉ်း၏ အပေါ်နားခန့်တွင် ရေခဲတောင်နှင့် ခြစ်မိရာမှ ပေ ၃၀၀ ခန့်ရှည်လျားသော အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားခဲ့သည်။

ထိုသို့ ရေခဲတောင်နှင့် တိုက်မိပြီး ၃ နာရီခန့်အကြာတွင် သင်္ဘောကြီးတစ်စင်းလုံးနစ်မြှုပ်သွားခဲ့ခြင်း ဖြစ်သည်။
Wigwam (shweinnlay)
Leave a Reply