Latest post

ယူရိုနှစ်သောင်းကို စားပစ်သော ဆိတ်အားသတ်ကာ သတင်းထောက်များကို ဟင်းချက်ကျွေး

ဆားဘီးယားနိုင်ငံ အလယ်ပိုင်း၊ အေရန်ဂျီလိုဗက်ခ်မြို့အနီး၊ ရာနီလိုဗစ်အမည်ရှိ ကျေးရွာတစ်ရွာမှ လယ်သမားမိသားစုသည် မိသားစုပိုင် လယ်ယာမြေကို ချဲ့ထွင်နိုင်ရေးအတွက် လယ်မြေ ၁၀ ဟက်တာ ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ နှစ်ပေါင်းများစွာ ငွေစုဆောင်းလာခဲ့သည်။

နောက်ဆုံး လယ်မြေများ ဝယ်ယူနိုင်မည့် စုဆောင်းငွေ ယူရို ၂၀၀၀၀ (မြန်မာငွေ သိန်း ၃၅၀ ကျော်) ရရှိခဲ့ပြီးနောက် မြေရှင်နှင့် စာချုပ်ချုပ်ရန် ငွေများကို ဧည့်ခန်းစားပွဲအောက်တွင် ထားရှိခဲ့ကာ အိမ်ရှေ့တံခါးပိတ်ရန် မေ့လျော့သွားခဲ့သည်ဟု ဆိုသည်။

“မြေရောင်းမယ့် မြေရှင်လာဖို့ရှိတော့ ကျွန်မတို့လည်း မနက်အစောကြီးထပြီး ပိုက်ဆံတွေ ရေတယ်။ ပြီးတော့ စာချုပ်ချုပ်ပြီး ချက်ချင်းပေးနိုင်ဖို့အတွက် ဧည့်ခန်းက စားပွဲအောက်မှာပဲ ငွေတွေကို ထားခဲ့ပါတယ်။ ပြီးတော့ နောက်ခန်းထဲဝင်ပြီး မနက်စာစားကြတယ်” ဟု မီလီနာ စီမစ်ခ်က Arandjelovac Info အမည်ရှိ ပြည်တွင်းသတင်းဝက်ဘ်ဆိုက်တစ်ခုသို့ ပြောကြားသည်။

“ကျွန်မ ယောက္ခမက နွားတွေကို မနက်တိုင်းအစာထွက်ကျွေးတယ်။ ဒါပေမယ့် သူကမေ့ပြီး အိမ်ရှေ့တံခါးမပိတ်ခဲ့ဘူး။ အဲဒါက ကျွန်မတို့ ကံဆိုးမိုးမှောင်ကျသွားတဲ့ အကြောင်းရင်းပါပဲ”

မီလီနာတို့ မိသားစုနှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့သော ဆိတ်များအနက်မှ ဘယ်လ်ကာ (ဖြူလေး)အမည်ရှိ ဆိတ်က ပွင့်နေသော တံခါးမှတစ်ဆင့် အိမ်တွင်းသို့ ဝင်လာကာ စားပွဲအောက်မှ ပိုက်ဆံများကို ဝါးစားတော့သည်။

“ဧည့်ခန်းက အသံတွေကြားတာကြောင့် ကျွန်မယောက်ျားက ထွက်ကြည့်တယ်။ အဲဒီမှာ သူ နှလုံးရပ်မလိုတောင် ဖြစ်သွားရတယ်။ ဘယ်လ်ကာဟာ ပိုက်ဆံတွေ အကုန်လုံးနီးပါး စားပြီးသွားပြီ။ ယူရို ၃၀၀ လောက်ပဲ ကျန်တော့တယ်။ ကျန်တာတွေက စားပြီးသွားတာရော၊ စုတ်ပြဲကုန်တာရော ဖြစ်ကုန်တယ်”ဟု မီလီနာက ဝမ်းနည်းစွာငိုကြွေးရင်း ပြောပြ၏။

“ဘယ်လ်ကာဟာ ကျွန်မတို့ကို ဘဝပျက်သွားအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်”

ထိုသို့ ဖြစ်ပွားပြီးနောက် မီလီနာ၏ ခင်ပွန်းမှာ စကားတစ်လုံးမှ မပြောတော့ဘဲ တစ်နေကုန် ထိုင်နေကာ နံရံကိုသာ စိုက်ကြည့်နေသည်ဟု ဆိုသည်။

မီလီနာက အဖြစ်အပျက်များကို သတင်းထောက်များအား ပြောပြနေချိန်တွင် ဆိတ်ကလေး ဘယ်လ်ကာမှာ မီးဖိုပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်။

Arandjelovac Info. သတင်းဝက်ဘ်ဆိုက်မှ သတင်းထောက်များကမူ  ထိုနေ့က ဆိတ်သားဟင်းမှာ အလွန်အရသာရှိကြောင်း ပြောကြသည်။

Wigwam (shweinnlay)

 

Be the first to comment

Leave a Reply

Your email address will not be published.


*