Latest post

အိပ်စက်မှုများလွန်း(သို့) နည်းလွန်းခြင်းသည် သေစေနိုင်သည့်အန္တရာယ်အလွန်များကြောင်း တွေ့ရှိ

အိပ်စက်မှုများလွန်းခြင်းသည် သေစေနိုင်သည့်အန္တရာယ်အလွန်များကြောင်း နောက်ဆုံးတွေ့ရှိချုက်တစ်ရပ်ကို uropean Heart Journal တွင် ဖော်ပြသည်။

အဆိုပါလေ့လာချက်ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူပေါင်း ၁၁၆၆၃၂ ဦးကို တွေ့ဆုံမေးမြန်းကာ လေ့လာခဲ့ခြင်းဖြစ်သည်။

ယင်းလေ့လာချက်အရ တွေ့ရှိရသည်မှာ တစ်နေ့လျှင် အများဆုံး ၈ နာရီထက် ပိုမိုအိပ်စက်သူများသည် လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်းမှသည် သေဆုံးခြင်းများအထိ ဖြစ်ပွားနိုင်မှုအန္တရာယ် ၄၁ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိခဲ့ကြသည်။

လေ့လာသည့် သုတေသီအဖွဲ့ကို တရုတ်နိုင်ငံရှိ Peking Union ဆေးကောလိပ်မှ Ph.D. ကျောင်းသားတစ်ဦးဖြစ်သူ ချွမ်ရှီးဝမ်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ချွမ်ရှီးဝမ်၏ လေ့လာချက်အရ နေ့ခင်းပိုင်း တရေးတမောအိပ်စက်သူများတွင်လည်း ကြီးမားသည့်အန္တရာယ်ရှိသည်ဟု ဆိုသည်။

အရွယ်ရောက်ပြီးသူတစ်ဦးအတွက် ပုံမှန်အိပ်ချိန်မှာ တစ်နေ့လျှင် ၆ နာရီမှ ၈ နာရီကြားဖြစ်ပြီး ထိုအချိန်ထက် ပိုမိုအိပ်စက်ပါက သေဆုံးနိုင်သည့်အထိ အန္တရာယ်များကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ညပိုင်းမှာ ၆ နာရီထက် ပိုအိပ်ပြီး နေ့ခင်းပိုင်းမှာလည်း တရေးတမောအိပ်သူတွေဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ မျိုးစုံဖြစ်ပွားတာ၊ သေဆုံးတာတွေ ဖြစ်လေ့ရှိပြီး ညပိုင်း ၆ နာရီအောက် အိပ်စက်ပြီး နေ့ခင်းပိုင်းမှာ တရေးပြန်အိပ်သူတွေမှာတော့ ဒီလိုဖြစ်တာ နည်းပါးတာ တွေ့ရပါတယ်” ဟု ချွမ်ရှီးဝမ်က ပြောကြားသည်။

“ညပိုင်းအိပ်ချိန်နည်းလို့ နေ့ခင်းပိုင်း တရေးတမော ပြန်အိပ်ရတဲ့သူတွေမှာတော့ အန္တရာယ်နည်းပါးပါတယ်”

အိပ်စက်ခြင်းနှင့် နှလုံးရောဂါ၊ သေဆုံးမှုတို့အကြားဆက်နွှယ်မှုကို ယခင်က လေ့လာမှုများပြုလုပ်ခဲ့ဖူးသော်လည်း မြောက်အမေရိက၊ ဥရောပနှင့် ဂျပန်တို့တွင်သာ လေ့လာခဲ့ခြင်းဖြစ်ပြီး ယခုလေ့လာချက်မှာမူ တစ်ကမ္ဘာလုံးအတိုင်းအတာ ကျယ်ပြန့်သော လေ့လာချက်တစ်ရပ်လည်း ဖြစ်သည်။

လေ့လာချက်ပြုလုပ်ခဲ့သူများကို ၇ နှစ်ခန့်အထိ စောင့်ကြည့်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ညပိုင်းအိပ်စက်ချိန်နည်းပါးသူများတွင်လည်း အန္တရာယ်များပြားကြောင်း တွေ့ရှိခဲ့ကြသည်။

ချွမ်ရှီးဝမ်တို့အဖွဲ့၏ တွေ့ရှိချက်အရ ပုံမှန်အိပ်စက်ချိန်ဖြစ်သည့် ညဘက် ၆ နာရီမှ ၈ နာရီအကြား အိပ်ချိန်ရှိသူတို့တွင် နှလုံးရောဂါဖြစ်ခြင်း၊သေဆုံးခြင်းများ တစ်နှစ်လျှင် ၇ ဒသမ ၈ ဦးနှုန်းသာ ဖြစ်ပွားသည်ကို တွေ့ရပြီး ညဘက်အိပ်ချိန် ၆ နာရီအောက်သာ ရှိသူတို့တွင်မူ ၉ ဒသမ ၄ ဦးနှုန်းအထိ ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ခဲ့ကြသည်။

ဝေါဝစ်ခ်တက္ကသိုလ်မှ နှလုံးဆေးပညာပါမောက္ခ ဖရန်စက်စ်ကိုသည် အိပ်စက်ခြင်းနှင့် အကျိုးသက်ရောက်မှုများကို လေ့လာချက်များစွာ ပြုလုပ်ခဲ့သူတစ်ဦးဖြစ်သည်။

ဖရန်စက်စ်ကို၏ ပြောကြားချက်အရ အိပ်ချိန်နည်းပါးခြင်းသည် သေဆုံးနိုင်သည့်အန္တရာယ်များပြားသည်ဟု ဆိုသည်။

“အိပ်ချိန်နည်းတာဟာ ကာလအကြာကြီးဖြစ်နေမယ်ဆိုရင် နှလုံးရောဂါဖြစ်မယ့်အန္တရာယ်များပြားပါတယ်”ဟု ဖရန်စက်စ်ကိုက ပြောကြားသည်။

ဖရန်စက်စ်ကိုသည် ယခုလေ့လာမှုတွင် ပါဝင်သူတစ်ဦးကား မဟုတ်ချေ။

အိပ်စက်မှု နည်းပါးခြင်းကြောင့်သွေးတိုးနှင့် ဆီးချိုရောဂါများလည်း ဖြစ်နိုင်ချေများပြားကြောင်း ဖရန်စက်စ်ကိုက ပြောကြားသည်။

Wigwam (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*