မွန်ဂိုလီးယားတွင် အကြွေးမဆပ်လျှင် မုဒိမ်းကျင့်သည့်ငွေတိုးချေးဂိုဏ်းခေါင်းဆောင်ကို ထောင် ၁၄ နှစ်ချ

တရုတ်ပြည်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွန်ဂိုလီးယားအတွင်းပိုင်း၊ ဟူလန်ဘာဒေသတွင် အကြွေးမဆပ်လျှင် မုဒိမ်းကျင့်သည့် ငွေတိုးချေးဂိုဏ်းသားများကို ထောင်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်သည်။

အဆိုပါငွေတိုးချေးဂိုဏ်းသည် အတိုးနှုန်းအလွန်မြင့်မားစွာဖြင့်ငွေချေးသောကြောင့် ၎င်းတို့ထံမှ ငွေချေးသူများမှာ ပြန်ဆပ်နိုင်သူ အလွန်နည်းပါးသည်ဟု ဆိုသည်။

ဂိုဏ်းခေါင်းဆောင်ကို ထောင်ဒဏ် ၁၄ နှစ်ချမှတ်လိုက်ရာ အကြွေးယူသူများအား မုဒိမ်းကျင့်မှု အပါအဝင် အခြားအမှုပေါင်း များစွာဖြင့် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဂိုဏ်းသား ၁၉ ဦးရှိသည့်အနက် တစ်ဦး၏အမည်မှာ ဝမ်ယီနန်ဟု အမည်ရသည်။

၎င်းတို့ဂိုဏ်းသည် မွန်ဂိုလီးယားအတွင်းပိုင်း၊ ဟူလန်ဘာအရပ်တွင် ဂိုဏ်းဖွဲ့ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ပေကျင်းလူငယ်နေ့စဉ်သတင်းတွင် ဖော်ပြသည်။

ဝမ်နှင့် သူ၏ ဂိုဏ်းသားများသည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပြီး စမတ်ဖုန်း app တစ်ခုမှတစ်ဆင့် တရားမဝင် ငွေချေးမှုများ ပြုလုပ်လာခဲ့ရာ ယွမ်ငွေ ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၅၀) မှ ယွမ်ငွေ ၃၀၀၀၀ အကြား ထုတ်ချေးမှု  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အကြွေးမဆပ်နိုင်သူများကို နှင်းတောထဲတွင် ဝတ်လစ်စလစ်နေထိုင်ခိုင်းခြင်း အပါအဝင် အပြစ်ပေးမှု မျိုးစုံပြုလုပ်ကြသည်။

မိန်းကလေးတစ်ဦးဆိုလျှင် အကြွေးမဆပ်နိုင်သောကြောင့် မုဒိမ်းကျင့်ခံခဲ့ရသည်ဟု ဆိုသည်။

ဝမ်ယီနန်တို့ ဂိုဏ်းသားများကို တစ်ဦးလျှင် ထောင်ဒဏ်တစ်နှစ်မှ၉ နှစ်အကြား အသီးသီးချမှတ်လိုက်ပြီ ဖြစ်သည်။

တရုတ်နိုင်ငံတွင် ယခုနှစ်စပိုင်းမှ စတင်ပြီး ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများကို ဖိဖိစီးစီးအရေးယူကိုင်တွယ်လာလျက်ရှိသည်။

မကြာသေးမီက ထောင်ဒဏ်ချမှတ်လိုက်သူ အခြားတစ်ဦးမှာ အငှားလူမိုက်ဂိုဏ်းကို ဦးဆောင်သူ လီယောင်ဘင်းဖြစ်ပြီး ငွေတိုးချေးသူများအတွက် အကြွေးတောင်းပေးသည့်အလုပ်ကို အခကြေးငွေယူကာ လုပ်ဆောင်ကြသည်။

၎င်းတို့ဂိုဏ်းသားများကို အများပြည်သူအား အနှောင့်အယှက်ဖြစ်စေအောင်ဖန်တီးမှုဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး လီယောင်ဘင်းကို ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်လိုက်ပြီး သူ၏ အပေါင်းအဖော်များကိုလည်း ထောင်ဒဏ် ၁၀ လမှ လ ၃၀ အကြား အသီးသီးချမှတ် လိုက်သည်။

ထို့အပြင် အခြားအရေးယူခံရသည့်အဖွဲ့မှာ နွား၊ ဝက် အစရှိသည့် မွေးမြူရေးတိရ စ္ဆာန်များကို ပြန်ပေးဆွဲကာ ပိုင်ရှင်များထံ ပြန်ပေးငွေ တောင်းခြင်း၊ ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကားများမှ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်သည့်အဖွဲ့ဖြစ်ပြီး ခေါင်းဆောင် ဝမ်ယန်ရှင်းကို ထောင်ဒဏ် ၆ နှစ်ခွဲချမှတ်လိုက်သည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*