Latest post

လုပ်အားခ မရသောကြောင့် ၂၈ ထပ်မှ ခုန်ချမည်ဟု ဆန္ဒပြသောအမျိုးသမီးကို ရဲတပ်ဖွဲ့က တစ်ရက်ခန့် ချော့မော့ခဲ့ရ

ဟောင်ကောင်တွင် ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေသူ ဗီယက်နမ်အမျိုးသမီးတစ်ဦးသည် လုပ်ခများ မရသောကြောင့် မိုးမျှော်တိုက်ကြီးတစ်ခု၏ ၂၈ ထပ်မှ ခုန်ချမည်ဟု ဆန္ဒပြရာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ၂၄ နာရီကျော် ချော့မော့ကာ ပြန်လည်ခေါ်ယူခဲ့ရသည်ဟု ဆိုသည်။

အဆိုပါအမျိုးသမီးသည် ဟောင်ကောင်တွင် သံလျက်ကိုင် ပန်းရံသမားတစ်ဦးအဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယင်းအမျိုးသမီးနှင့် သူ၏လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦး၊ အမျိုးသမီး ၂ ဦးတို့သည် Causeway Bay အရပ်၊ ဂလော့ဆက်စ်တာလမ်း၊Elizabeth House အဆောက်အအုံကြီးအား ပြန်လည်မွမ်းမံသည့် လုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

၎င်းတို့ ၄ ဦးပေါင်းလျှင် စုစုပေါင်းလုပ်ခ ဟောင်ကောင်ဒေါ်လာ ၁၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀၀)ခန့် လုပ်ခ မရဘဲရှိနေသည်ဟု ဆိုသည်။

ထိုသို့ လုပ်ခများမရခြင်းကြောင့်အဆိုပါအဆောက်အအုံကြီး၏ ၂၈ ထပ်မြောက်ရှိ ဝါးငြမ်းပေါ်သို့ တက်ကာ လုပ်ခမရပါက ခုန်ချမည်ဟုဆန္ဒပြခဲ့ပြီး ငြမ်းပေါ်မှ ပြန်ဆင်းရန် ငြင်းဆန်ခဲ့သည်။

များမကြာမီ ထိုနေရာသို့ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းရေးမှူးတစ်ဦးတို့ ရောက်ရှိလာပြီး အဆောက်အအုံကြီးအောက်ဘက်မြေပြင်တွင် အသက်ကယ်လေအိတ်ကြီးများ ဖြန့်ကျက်ချထားခဲ့ရသည်။

ယင်းအမျိုးသမီးသည် ငြမ်းစင်ပေါ်တွင် တစ်ညလုံးနေထိုင်ခဲ့ပြီး အစာလည်းမစားသကဲ့သို့ ရေလည်းမသောက်ခဲ့ချေ။

နောက်နေ့ နေ့လယ်တစ်နာရီခန့်တွင်ကား ညှိနှိုင်းရေးမှူးများက အောင်မြင်စွာချော့မော့ ညှိနှိုင်းနိုင်ခဲ့ပြီးနောက် ငြမ်းပေါ်မှ ပြန်ဆင်းလာသည်။

မီးသတ်သမားတစ်ဦးက ပြောကြားရာတွင်“ဒီကို ကျွန်တော်တို့ မနေ့ကလည်း ရောက်ပါတယ်။ ဒီနေ့လည်း မနက် ၉ နာရီလောက်ကတည်းက ရောက်နေခဲ့တာပါ။ကျွန်တော်တို့အဖွဲ့ဟာ နာရီ ၂၀ လောက် အသင့်အနေအထားနဲ့ ရှိနေခဲ့ပါတယ်။ နောက်ဆုံးမှာ ဒါကိုအောင်အောင်မြင်မြင် သူဖြတ်ကျော်သွားနိုင်ခဲ့တဲ့အပေါ် ကျွန်တော်ဝမ်းသာမိပါတယ်” ဟု ပြောကြားသည်။

Elizabeth House အဆောက်အအုံကြီးသည် ကူးသန်းရောင်းဝယ်ရေးနှင့် လူနေဘက်စုံသုံး အဆောက်အအုံကြီးဖြစ်သည်။

Elizabeth House ၏ ပြင်ပနံရံကို ပြန်လည်မွမ်းမံရန် တာဝန်ယူထားသည့် ကုမ္ပဏီမှာ Asia Engineering အင်တာနေရှင်နယ် ကုမ္ပဏီလိမိတက်ဖြစ်သည်ဟု ဆိုသည်။

Elizabeth House တွင်နေထိုင်သူတစ်ဦးက ပြောကြားရာတွင် မွမ်းမံမှုစီမံကိန်းကို ပြီးခဲ့သည့်နှစ် စက်တင်ဘာကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင်အပြီးမသတ်သေးကြောင်းပြောကြားကာ ဆောက်လုပ်ရေးလုပ်သားများမှာ ငြမ်းပေါ်တွင် အကာအကွယ်ပစ္စည်းများ မရှိဘဲ လုပ်ကိုင်နေကြရသည့် ဓာတ်ပုံများကိုလည်း ထုတ်ပြခဲ့သည်။

အဆိုပါကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်းစွန့်ပစ်ပစ္စည်းများ လမ်းပေါ်တွင်စွန့်ပစ်မှုဖြင့် ဟောင်ကောင်ဒေါ်လာ ၁၀၀၀၀ (ကန်ဒေါ်လာ ၁၂၈၀ ) ချမှတ်ခံထားရဖူးသည်။

ဟောင်ကောင်တွင် မိမိကိုယ်ကိုအဆုံးစီရင်ရန် ကြိုးပမ်းနေသူတစ်ဦးဦးတွေ့ရှိပါက “အဆုံးစီရင်မှု ကြိုတင်ကာကွယ်ခြင်းဆိုင်ရာဝန်ဆောင်မှုဌာန” ၏ ဖုန်းနံပါတ် +852 2382 0000 သို့ ဆက်သွယ်အကြောင်းကြားကြရန် နှိုးဆော်ထားသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*