သမီး၏ချစ်သူကို ကြိုးတုပ်ကာ ရဲများခေါ်၍ ဝိုင်းရိုက်ပြီး အလောင်းဖျောက်ခဲ့၊ ပါဝင်သည့်ရဲတပ်ဖွဲ့အရာရှိများ သေဒဏ်ချမှတ်ခံရ

ထိုင်းနိုင်ငံ၊ ဆောင်ခလာပြည်နယ်တွင် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးကို ဝိုင်းဝန်းသတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြသည့် ရဲအရာရှိ ၂ ဦးနှင့် အရပ်သားတစ်ဦး သေဒဏ်ချမှတ်ခံလိုက်ရပြီး ရဲမှူးတစ်ဦးနှင့် အခြား ၂ ဦးမှာ ထောင်ဒဏ်တစ်သက်ချမှတ်ခံလိုက်ရသည်။

အဆိုပါအမိန့်ကို ထရန်ပြည်နယ်တရားရုံးက ချမှတ်လိုက်ခြင်းဖြစ်ပြီး ဆောင်ခလာမှ ရဲအရာရှိ အေနန့် ဂျန်ကောင်း (အသက် ၄၈ နှစ်ခန့်)၊ ထရန်ပြည်နယ်မှ ရဲအရာရှိ ချက်တာဝပ် ကစ်တီဝပ် ဝေါ်ရာကူး (အသက် ၄၈ နှစ်) နှင့် ဆက်နာရင် အွမ်ချွေး (အသက် ၃၀ နှစ်) တို့ကို သေဒဏ်ချမှတ်ခဲ့သည်။

ရဲမှူးရပ်ထရာဝီ ချိုင်ချာနာ (အသက် ၄၈ နှစ်) နှင့် သူ၏ညီ ဝီဝပ် ချိုင်ချာနာ (အသက် ၄၅ နှစ်)၊ ဝီချန် နုဆီကောင် (အသက် ၅၃ နှစ်) တို့ကိုမူ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။

၎င်းတို့သည် ဆောင်ခလာပြည်နယ်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ်လူငယ် နာရန်ရစ် ဆူဝမ်နိုကို သတ်ဖြတ်၊ အလောင်းဖျောက်မှုတို့ ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါလူငယ်သည် သူ၏ချစ်သူမိန်းကလေးနေထိုင်ရာအခန်းသို့ နေအိမ်နံရံမှ တွယ်တက်ခဲ့သည်။

ယင်းမိန်းကလေးသည် ဝီချန် နုဆီကောင်၏ သမီးဖြစ်သည်။

ဝီချန်နှင့် သူ၏မိတ်ဆွေများက လူငယ်ကို တွေ့ရှိဖမ်းမိသွားပြီး ကြိုးတုပ်ထားခဲ့ကြသည်။

ထို့နောက် ဝီချန်က ဆွေမျိုးတော်စပ်သူ ရဲမှူး ရာထရာဝီကို ဖုန်းဆက်ခေါ်ခဲ့ရာ အခြားရဲအရာရှိ ၂ ဦးနှင့်အတူ ရောက်ရှိလာခဲ့သည်။

၎င်းတို့အားလုံးပေါင်းကာ လူငယ်ကို ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့ကြပြီး နောက်ဆုံးတွင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။

ထရန်ပြည်နယ် တရားရုံးရှေ့တွင် သေဆုံးသူ လူငယ်၏ မိသားစုကို တွေ့ရပုံ

ထို့နောက် အလောင်းကို ကားဖြင့်သယ်ဆောင်ခဲ့ကြကာ တူးမြောင်းတစ်ခုအတွင်းသို့ ပစ်ချခဲ့ကြသည်။

ယခုအမိန့်ချမှတ်မှုတွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူများမှာ အလောင်းဖျောက်ဖျက်မှုတွင်သာ ပါဝင်ခဲ့ကြသူများ ဖြစ်သည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*