Latest post

ခေါင်းလျှော်ရည်၊ သွားတိုက်ဆေးနှင့် ဆပ်ပြာတို့ကြောင့် မိန်းကလေးများ အသက်ငယ်ငယ်ဖြင့် လိင်ဖွံ့ဖြိုးလျက်ရှိ

ခေါင်းလျှော်ရည်၊ သွားတိုက်ဆေးနှင့် ဆပ်ပြာတို့တွင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် မိန်းကလေးငယ်များတွင် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် လိင်အင်္ဂါဖွံ့ဖြိုးလျက်ရှိကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိခဲ့သည်။

UC BERKELEY တက္ကသိုလ်

ထို့အပြင် ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်တို့မှ အသုံးပြုလျှင်ပင် ရင်သွေးများတွင် ဆောလျင်စွာ လိင်ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်ကြောင်း တွေ့ရှိခဲ့ကြသည်။

ဟော်မုန်းဂလင်းများ ပျက်စီးစေသည့်အရာများဟု ခေါ်တွင်သည့် အဆိုပါဓာတုပစ္စည်များကို အများဆုံးတွေ့ရှိရသည်မှာ တကိုယ်ရည်ကျန်းမာရေးသုံး ထုတ်ကုန်ပစ္စည်းများတွင်ဖြစ်သည်။

အဆိုပါ ဓာတုပစ္စည်းများကြောင့် ကလေးငယ်များမှာ သဘာဝအလျောက်ဖွံ့ဖြိုးရမည့် အချိန်မတိုင်မီ ဆောလျင်စွာ ဖွံ့ဖြိုးလာနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မိန်းကလေးများသည် အရွယ်ရောက်သည့်ကာလတဖြည်းဖြည်း အချိန်စောလာရာ ဆေးဘက်ဆိုင်ရာနှင့် အပြူအမူပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ချေ မြင့်မားလာသည်။

ကလေးငယ်များအသုံးပြုသည့် တကိုယ်ရည်သုံးကျန်းမာရေးထုတ်ကုန်များတွင် ပါဝင်သည့် ဓာတုပစ္စည်းများနှင့် စပ်လျဉ်း၍ မိဘများက ရတက်မအေးဖြစ်လျက်ရှိနေခဲ့ကြသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုတွေ့ရှိချက်အရမူ မိခင်များကိုယ်ဝန်ဆောင်ကာလတွင် အသုံးပြုများကြောင့်လည်း ရင်သွေးအပေါ်ဆိုးကျိုးများကျရောက်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုလေ့လာချက်ကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ဘာကလေမြို့ရှိ UC Berkeley တက္ကသိုလ်မှ သုတေသီများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အသုံးပြုနေကြတဲ့ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းတွေဟာ ကိုယ်ခန္ဓာထဲကို နည်းအမျိုးမျိုးနဲ့ ရောက်ရှိသွားလေ့ ရှိပါတယ်။ အရေပြားကနေ စိမ့်ဝင်တယ်၊ အသက်ရှုရာကနေဝင်တယ်၊ အမှုမှတ်မဲ့မြိုချမိရာကနေဝင်တယ် အစရှိသဖြင့် နည်းလမ်းပေါင်းစုံနဲ့ ကိုယ်ထဲကို ရောက်သွားပါတယ်။ ဒီလိုရောက်သွားတဲ့ ဓာတုပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိတယ်ဆိုတာ သိဖို့လိုပါတယ်” ဟု ယခုလေ့လာမှုကို ဦးဆောင်ခဲ့သူ ဘာကလေတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးကျောင်းမှ တွဲဖက်ပါမောက္ခ ကင်မ် ဟာလေက ပြောကြားသည်။

ယခုတွေ့ရှိမှုကို Human Reproduction ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

အဆိုပါလေ့လာချက်တွင် ကလေးငယ်ပေါင်း ၃၃၈ ဦးကို ကိုယ်ဝန်ဆောင်ချိန်ကာလမှစတင်ကာ ဆယ်ကျော်သက်အရွယ်ရောက်သည် အထိ စောင့်ကြည့်ခဲ့ပြီး ဓာတုပစ္စည်းများ၏ သက်ရောက်ပုံကို လေ့လာခဲ့ခြင်းဖြစ်သည်။

သုတေသနပြုချက်အရ တွေ့ရှိခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မိန်းကလေးများအရွယ်ရောက်မှုမှာ စောသည်ထက်စောလာကြောင်း တွေ့ရှိခဲ့ကြသည်။

ထိုသို့ အရွယ်ရောက်မှုစောခြင်းကြောင့် စိတ်ကျန်းမာရေး၊ ရင်သားနှင့် သားအိမ်ခေါင်းကင်ဆာ၊ ယောက်ျားလေးများတွင်ဆိုလျှင် ဆီးကြိတ်ကင်ဆာ အစရှိသည်တို့ ဖြစ်ပွားနိုင်သည့်အန္တရာယ်အလွန်များပြားကြောင်းလည်း သိပ္ပံပညာရှင်တို့က ပြောကြားသည်။

အချိန်မတိုင်မီ အရွယ်ရောက်ခြင်းဟူသည်မှာ အသက် ၈ နှစ်မတိုင်မီ ရာသီသွေးလာခြင်း၊ ရင်သားများဖွံ့ဖြိုးလာခြင်း အစရှိသည်တို့ ပေါ်ပေါက်ခြင်းဖြစ်သည်။

မိန်းကလေးများ ရာသီသွေးလာသည့် ပျှမ်းမျှအရွယ်မှာ ၁၁ နှစ် ဖြစ်သည်။

အချိန်မတိုင်မီ အရွယ်ရောက်စေသော ဓာတုပစ္စည်းများမှာ ပသာလာတက်စ်၊ ပရာဘန်းစ်နှင့် ဖီနောတို့ ဖြစ်ကြသည်။

“လေ့လာမှုတွေ ထပ်လုပ်ဖို့လိုသေးတယ်ဆိုပေမယ့် တစ်ကိုယ်ရည်သုံးကျန်းမာရေးပစ္စည်းတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကို ပြည်သူတွေအနေနဲ့ သတိထားသင့်ပါတယ်” ဟုလည်း ပါမောက္ခ ဟာလေက ဆက်လက်ပြောကြားသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*