Latest post

အိမ်ရာမဲ့တစ်ဦး ဆိုင်ထဲဝင်လာသောကြောင့် ရဲကိုဖုန်းဆက်ခေါ်ရာ ရဲကစားစရာဝယ်ကျွေးသွား

အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ဟော်ရေးခရိုင်တွင် အိမ်ရာမဲ့တစ်ဦးက စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်ရောက်လာကာ စားစရာအကြွင်းအကျန်များ လာရောက်တောင်းခံခဲ့သည်။

ထိုသို့တောင်းခံနေမှုအပေါ် တစ်စုံတစ်ဦးက ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာ မကြာမီတွင် ရဲအရာရှိတစ်ဦး ရောက်ရှိလာခဲ့သည်။

သို့ရာတွင် အဆိုပါရဲအရာရှိက အိမ်ရာမဲ့အမျိုးသားကို ဆိုင်အတွင်းမှ ဆွဲမထုတ်ချေ။

သူဆွဲထုတ်လိုက်သည်ကား ဘောင်းဘီအတွင်းမှ ပိုက်ဆံအိတ်သာ ဖြစ်သည်။

ရဲအရာရှိက ပိုက်ဆံအိတ်ဆွဲထုတ်လိုက်ပြီး အိမ်ရာမဲ့ကို စားစရာဝယ်ကျွေးရန်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ရဲအရာရှိဟာ ဒီအခြေအနေကို အံ့အားသင့်ဖွယ်ရာ ကိုင်တွယ်သွားခဲ့တာ ဖြစ်ပါတယ်”ဟု အဆိုပါစားသောက်ဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဗစ်တိုးရီးယား ဗစ်ခ်ျ ဆမ်းမားက ဖေ့စ်ဘုတ်တွင် ရေးသားခဲ့ပြီး စက္ကန့် ၂၀ ကြာ ဗွီဒီယိုဖိုင်တစ်ခုလည်း ရိုက်ကူးလွှင့်တင်ထားသည်ကို တွေ့ရသည်။

အဆိုပါဗွီဒီယိုဖိုင်အရ ရဲအရာရှိသည် အိမ်ရာမဲ့အမျိုးသားနှင့်အတူ စားသောက်ဆိုင်ကောင်တာရှေ့တွင် မတ်တပ်ရပ် စကားပြောနေပုံကို တွေ့ရပြီး ကောင်တာတွင် အမျိုးသမီးကြီးတစ်ဦး ရှိနေသည်။

အဆိုပါ အိမ်ရာမဲ့ကို စားသောက်ဆိုင်ဝန်ထမ်းများက စားစရာများ ပေးနေသည်မှာ ရက်ပေါင်းများစွာကြာခဲ့ပြီဟု ဆိုသည်။

ယခုဖြစ်ရပ်တွင် စိတ်အနှောင့်အယှက်ဖြစ်သူ ဖောက်သည်တစ်ဦးက ရဲတပ်ဖွဲ့ထံဖုန်းဆက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဗစ်တိုးရီးယားက ယူဆသည်။

ရဲအရာရှိ မူလီနက်စ် ရောက်ရှိလာပြီး “ဗိုက်ဆာနေလား”ဟု မေးမြန်းကာ ပိုက်ဆံအိတ်ဆွဲထုတ်ပြီး အစားအသောက်စာရင်းကို ပြုံးပြုံးကြီး လက်ညှိုးထိုးပြခဲ့ရာ ဆိုင်ဝန်ထမ်းများနှင့် ဖောက်သည်များအားလုံး အံ့အားသင့်သွားကြသည်။

“အဲဒီရဲအရာရှိဟာ စာနာတတ်မှု၊ ကရုဏာတရားအရမ်းရှိတဲ့အပေါ် ကျွန်မ တုန်လှုပ်သွားမိတာကြောင့် ဗွီဒီယိုဖိုင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်”ဟု ဗစ်တိုးရီးယားက ပြောကြားသည်။

အဆိုပါ ရဲအရာရှိသည် ယခင်ကလည်း လမ်းဘေးတစ်နေရာတွင် ကလေးများနှင့်အတူ ဘောလုံးဝင်ကစားနေပုံကို လမ်းသွားတစ်ဦးက မှတ်တမ်းတင်ခဲ့ဖူး

ဗစ်တိုးရီးယား၏ ဗွီဒီယိုဖိုင်ကို ကြည့်ရှုသူပေါင်း ၂ သိန်းကျော်ရှိခဲ့ပြီး ဟော်ရေးခရိုင် ရဲတပ်ဖွဲ့ ဖေ့စ်ဘုတ် စာမျက်နှာကပင် အဆိုပါပို့စ်တွင် ကွန်မန့် ဝင်ရောက်ရေးသားခဲ့သည်ကိုလည်း တွေ့ရသည်။

ဟော်ရေးခရိုင်ရဲတပ်ဖွဲ့က ရေးသားထားခဲ့ပုံမှာ “အကူအညီလိုအပ်နေသော ကျွန်ုပ်တို့နိုင်ငံသားတစ်ဦးအပေါ် ရဲအရာရှိ စီဂျေ မူလီနက်စ်၏ အကူအညီပေးခဲ့မှုနှင့် စပ်လျဉ်းပြီး အပြုသဘော အားပေးကြသော ကွန်မန့်များအားလုံးအတွက် ကျေးဇူးအထူးတင်ရှိပါသည်”ဟု ရေးသားထားသည်ကို တွေ့ရသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*