အသက် ၈၀ အရွယ် သင်းအုပ်ဆရာအဘိုးအိုက ၂၄ နှစ်အရွယ်လူငယ်နှင့် လက်ထပ်

အင်္ဂလန်နိုင်ငံတွင် အသက် ၈၀ အရွယ် သင်းအုပ်ဆရာဟောင်းအဘိုးအို ဖိလစ် ကလိမန့်သည် ၂၅ နှစ်အရွယ် တွိုင်းဘွိုင်း ဖလိုရင် မာရင်နှင့် ပြန်လည်လက်ထပ်လိုက်ပြီး အိမ်ထောင်ရေးကို ဒုတိယအကြိမ် ပြန်လည်စတင်ရန် ပြင်ဆင်လိုက်သည်။

အသက်ချင်း ကွာဟလှသော အိမ်ထောင်ရေးတစ်ခုအတွက် အရာအားလုံးကို ပေးဆပ်မည်ဟု ဖိလစ်ကလိမန့်က ဆုံးဖြတ်ထားသည်။

နောက်ဆုံးဆိုရလျှင် သူ၏ရိုမေးနီးယားသတို့သားကို အခြားအမျိုးသားများနှင့် အိပ်စက်လိုပါကလည်းအိပ်စက်ခွင့်ပြုရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

ယခင်က ခေတ္တလမ်းခွဲခဲ့ကြဖူးသော်လည်း ယခုအချိန်တွင်ကား ယခင်ထက်ပိုမို၍ မေတ္တာခိုင်မြဲနေကြပြီဟု ဆိုသည်။

ယခင်က နှစ်ဦးအကြား မကြာခဏ ကတောက်ကဆဖြစ်ခဲ့ကြရပြီး အဓိကအကြောင်းရင်းမှာ ဘဝနေထိုင်မှုဟန်များ ဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်ဟု ဆိုသည်။

လူငယ် ဖလိုရင်က ညဘက်တွင် နိုက်ကလပ်များသွားရခြင်းကို နှစ်သက်သော်လည်း အဘိုးအိုဖိလစ်ကလိမန့်က အိမ်တွင်သာ နားအေးပါးအေးနေလိုစိတ်ရှိသည်။

ထိုသို့ ဆန့်ကျင်ဘက်များရှိသော်လည်း တစ်ဦးအပေါ်တစ်ဦးထားရှိသည့် အချစ်ကြောင့် ခြားနားမှုများကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းကြသည်ဟု ဆိုသည်။

အဘိုးအိုဖိလစ်က ပြောကြားရာတွင် “တစ်ခါတစ်လေ ကျွန်တော်တို့နှစ်ဦးကြားမှာ ညှိမရတာလေးတွေရှိတယ်။ ဒါပေမယ့် သူ့ကိုချစ်တဲ့စိတ်နဲ့ ဒါတွေအားလုံးကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်က သူ့ကိုအရမ်းချစ်ပါတယ်။ ကျွန်တော်တို့နှစ်ဦးသာ ထာဝရကွဲကွာသွားမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဝမ်းအနည်းဆုံးလူသားက ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်”ဟု ဆိုသည်။

ယခုအကြိမ်လက်ထပ်ခြင်းမှာ ဒုတိယအကြိမ် ပြန်လည်လက်ထပ်ခြင်းဖြစ်ပြီး နှစ်ဦးအကြားတွင် ပွင့်ပွင့်လင်းလင်းရှိရန် သဘောတူထားကြသည်ဟု ဆိုသည်။

ဖိလစ်က ဖလိုရင်ကို အခြားအမျိုးသားများနှင့် အိပ်စက်ခွင့်ပေးရန်ပါ စိတ်ကူးထားသည်ဟုလည်း ဆိုသည်။

“ကျွန်တော်တို့နှစ်ဦးမှာ အခြားအချစ်ရေးတစ်ခုခုဝင်လာပြီဆိုရင် တစ်ယောက်ကိုတစ်ယောက်အသိပေးပြောပြဖို့ သဘောတူထားကြပါတယ်။ ပြောရရင်တော့ ဒီလိုခွင့်ပြုပေးရမှာဟာ ကျွန်တော့်အတွက် နည်းနည်းတော့ မနာလိုစရာပါ။ ကိုယ့်ဆီကနေ တခြားလူတစ်ဦးက ပျော်ရွှင်မှုတွေ ခွဲဝေရယူသွားမယ့်ကိစ္စက မနာလိုစရာပါပဲ” ဟုလည်း အဘိုးအိုက ပြောကြားသည်။

အဘိုးအိုဖိလစ်တို့၏ အိမ်ထောင်ရေးသည် ယခင်က တည်ငြိမ်မှုမရှိခဲ့သောကြောင့် ယခုကဲ့သို့ ပြန်လည်လက်ထပ်မည်ကို ဖိလစ်၏ ညီအစ်ကိုများက သဘောမတူခဲ့ကြချေ။

အဘိုးအိုဖိလစ်နှင့် လူငယ် ဖလိုရင် မာရင်တို့သည် ၂၀၁၇ ခုနှစ်တွင် ထိမ်းမြားလက်ထပ်ခဲ့ခြင်းဖြစ်ပြီး လက်ထပ်ပြီးနောက် အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ကန့်ခရိုင်၊ ဆန်းဒ်ဝစ်ခ်ျမြို့ကလေးရှိ နေအိမ်ကို အဘိုးအိုက ရောင်းချလိုက်ပြီး ဘူချာရက်စ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

လမ်းခွဲမည်ဟု ဆုံးဖြတ်လိုက်ကြချိန်တွင် အဘိုးအို၌ သွားစရာ၊ နေစရာနေရာ မရှိတော့သည့်အဖြစ်နှင့် ကြုံခဲ့ရသည်။

ယခုတစ်ကြိမ်တွင်ကား ယခင်ကဲ့သို့ဖြစ်တော့မည်မဟုတ်ဟု နှစ်ဦးလုံးက ယုံကြည်နေသည်။

“ကျွန်တော်တို့နှစ်ဦးကြားမှာ ကွာရှင်းဖို့အကြောင်း ပြောခဲ့ကြဖူးတယ်။ နှုတ်ကသာပြောနေပေမယ့် တကယ့်တော့ ကျွန်တော့်နှလုံးသားက လမ်းခွဲဖို့ကို မလိုလားပါဘူး”ဟုလည်း အဘိုးအိုက ဆက်လက်ပြောကြားသည်။

Yellow Champac (shweinnlay)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*