Latest post

၇၁ နှစ်အရွယ်အဘိုးအိုက သစ်သားစည်ဖြင့် သမုဒ္ဒရာကြီးကို ဖြတ်သန်းရန်စတင်ထွက်ခွာ

အသက် ၇၁ နှစ်အရွယ် ပြင်သစ်လူမျိုးအဘိုးအို ယန်း ဂျက်ခ် ဆာဗင်းသည် သစ်သားစည်ပိုင်းငယ်တစ်လုံးဖြင့် အတ္တလန္တိတ်သမုဒ္ဒရာကြီးကို ဖြတ်သန်းရန် ပင်လယ်ပြင်မှ စတင်ထွက်ခွာသွားပြီဖြစ်သည်။

အာဖရိကတိုက်ရှိ မော်ရိုကိုနိုင်ငံ၏ အနောက်တောင်ဘက် အယ်လ်ဟာရိုကျွန်းစုမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။

အာဖရိကတိုက်၏ ကမ်းလွန်၊ အတ္တလန္တိတ်သမုဒ္ဒရာရေပြင်အတွင်းတည်ရှိသော အဆိုပါကျွန်းငယ်သည် စပိန်ပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းစုဖြစ်သော ကင်နရီကျွန်းစုရှီ ကျွန်းများအနက် တောင်ဘက်အစွန်ဆုံးတွင် တည်ရှိပြီး အသေးငယ်ဆုံးကျွန်းကလေးတစ်ခု ဖြစ်သည်။

အယ်လ်ဟာရိုကျွန်းကို မီရီဒီယန်ကျွန်းဟုလည်း ခေါ်ဝေါ်ကြသည်။

အဘိုးအို ဆာဗင်းသည် အာဖရိကမှစတင်ထွက်ခွာကာ ကာရစ်ဘီယန်ဒေသသို့ ရောက်ရှိရန် ရည်မှန်းထားရာ ရေမိုင်ပေါင်း ၃၀၀၀ ခန့် ဖြတ်သန်းရမည်ဖြစ်သည်။

သမုဒ္ဒရာကို ဖြတ်သန်းမည်မှာ လိမ္မော်ရောင်သစ်သားစည်တစ်ခုဖြင့်ဖြစ်ပြီး အဆိုပါစည်ပိုင်းကို သမုဒ္ဒရာရေစီးကြောင်းများ၏ သယ်ယူမှုအတိုင်းသာ ရွေ့လျားမည် ဖြစ်သည်။

ရည်မှန်းရာပန်းတိုင်နေရာသို့ ရောက်ရှိရန် အချိန် ၃ လခန့်သာကြာမြင့်နိုင်ကြောင်း အဘိုးအို ဆာဗင်းက မျှော်မှန်းထားသည်။

“ရာသီဥတုက ကောင်းပါတယ်။ တစ်နာရီကို ၂ ကီလိုမီတာကနေ ၃ ကီလိုမီတာအကြား ရွေ့လျားနေတယ်။ လာမယ့်တနင်္ဂနွေနေ့အထိ လေကြောင်းကောင်းမယ်လို့ ခန့်မှန်းရတယ်”ဟု ထွက်ခွာပြီးနောက် မကြာမီတွင် အဘိုးအိုဆာဗင်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

သူ၏ စည်ပိုင်းကို အထပ်သားဖြင့်ပြုလုပ်ထားပြီး ဝေလငါးတို့၏ တိုက်ခိုက်မှုဒဏ်ခံနိုင်ရည်ရှိသည့်အပြင် ပင်လယ်လှိုင်းလုံးများ၏ အဆက်မပြတ်ရိုက်ပုတ်ခြင်းခံနေရမည့်ဒဏ်မှလည်းခံနိုင်ရည်ရှိသည်ဟု ဆိုသည်။

စည်ပိုင်းအတွင်း အိပ်စင်တစ်ခု၊မီးဖိုဆောင်၊ သိုလှောင်ခန်းနေရာတို့ပါဝင်ပြီး ငါးများကိုကြည့်ရှုနိုင်မည့် မှန်ပေါက်ငယ်တစ်ခုလည်း ထည့်သွင်းထားသည်။

ထို့အပြင် ဆိုလာပြားတစ်ခုလည်း တပ်ဆင်ထားပြီး ရရှိလာသည့်စွမ်းအင်ကို ဆက်သွယ်ရေးနှင့် GPS နေရာရှာဖွေရန်တို့အတွက် အသုံးပြုမည်ဖြစ်သည်။

အဘိုးအိုဆာဗင်းသည် စစ်မှုထမ်းဟောင်း၊ ပန်းခြံစောင့်တပ်ဖွဲ့ဝင်၊ လေယာဉ်မှူးဟောင်းတစ်ဦးဖြစ်သည်။

ယခုခရီးစဉ်အတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၆၈၀၀၀ ကို အများသူငါလှူဒါန်းငွေများမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဘာဘေဒေါနိုင်ငံသို့ ရောက်ရှိသွားဖွယ်ရှိသည်ဟု အဘိုးအိုဆာဗင်းက ခန့်မှန်းထားသော်လည်း စာရွက်စာတမ်းကိစ္စများ လွယ်ကူချောမွေ့စေရနှ်နှင့် စည်ပိုင်းကို အလွယ်တကူပြန်လည်သယ်ယူနိုင်ရန်အတွက် ပြင်သစ်ပိုင်ကျွန်းတစ်ခုခုသို့ ရောက်ရှိသွားရန် အဘိုးအိုက လိုလားသည်။

အဘိုးအှိုဆာဗင်းက လာမည့် ဇန်နဝါရီလ ၁၄ ရက်တွင်ကျရောက်မည့် သူ၏ ၇၂ နှစ်မြောက် မွေးနေ့ပွဲဆင်နွှဲရန် ဝိုင်နီတစ်လုံးလည်း သယ်ဆောင်သွားသည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*