ရုရှားထံမှဝယ်လိုက်သော S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် ကီလို ၂၅၀ အကွာမှ ပဲ့ထိန်းဒုံးကို တရုတ်တို့ စမ်းသပ်ပစ်ချ

ရုရှားနိုင်ငံမှ ဝယ်ယူထားခဲ့ပြီး မကြာသေးမီကမှ ရောက်ရှိလာသော S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က စမ်းသပ်ခဲ့ရာ ကီလိုမီတာ ၂၅၀ (၁၅၅ မိုင်) အကွာတွင် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်မှတ်အဖြစ် ပစ်လွှတ်ပြီး အဆိုပါပစ်မှတ်ကို အောင်မြင်စွာစမ်းသပ်ပစ်ချနိုင်ခဲ့ကြောင်း ရုရှားသတင်းမီဒီယာတို့တွင် ဖော်ပြသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဒုံးကျည်တပ်ဖွဲ့ (PLARF) က အသစ်မှာယူရောက်ရှိလာသော S-400 Triumf တာဝေး ဒုံးကျည်ကြားဖြတ်တိုက်ခိုက်ရေး လေကြောင်းကာကွယ်ရေးစနစ် (နေတိုးအခေါ် SA-21 Growler) ကို ပထမဆုံး လက်တွေ့ပစ်ခတ်စမ်းသပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော နိုဝင်ဘာလကုန်ပိုင်းက စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်မှ သတင်းထုတ်ပြန်လိုက်ခြင်းလည်းဖြစ်ကာ စမ်းသပ်ခဲ့သည့်နေရာကိုမူ သတင်းထုတ်ပြန်ခြင်းမရှိချေ။

S-400 ဒုံးကျည်ကာကွယ်ရေးစနစ်သည် ပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များအပါအဝင် လေကြောင်းပစ်မှတ်ပေါင်း ၃၆ ခုကို တပြိုင်တည်း ပစ်ချနိုင်စွမ်းရှိသည်ဟု ဆိုသည်။

S-400 သည် ယခင်အမျိုးအစား S-300 နှင့် နှိုင်းယှဉ်ပါက ရေဒါစနစ်များနှင့် ဆော့ဖ်ဝဲများ ပိုမိုကောင်းမွန်လာပြီး မြေပြင်မှ ဝေဟင်ပစ် (SAM) ဒုံးကျည်အမျိုးအစား ၄ မျိုးကို ပစ်ခတ်နိုင်စွမ်းရှိရာ S-300 တွင် အသုံးပြုသည့် 48N6E ဒုံးကျည်ကိုလည်း အသုံးပြုနိုင်စွမ်းရှိသည်။

48N6E သည် ဒေါင်လိုက်ပစ်၊ အခဲလောင်စာ၊ တစ်ဆင့်ပစ် မြေပြင်မှ ဝေဟင်ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၁၅၀ (၉၃ မိုင်) အကွာအထိ ပစ်ခတ်နိုင်စွမ်းရှိသည်။

ထို့အပြင် 48N6E ကို အဆင့်မြှင့်တင်ထားသော 48N6E2 ဒုံးကျည်လည်း ပစ်ခတ်နိုင်ပြီး ၁၉၅ ကီလိုမီတာ (၁၂၁) အထိ ရောက်ရှိနိုင်သည်။

ထို့အပြင် S-400 တွင် 48N6E2 ကို အဆင့်မြှင့်ထားသည့်ဒုံးကျည်လည်းတပ်ဆင်ပေးထားပြီး ကီလို ၂၅၀ ( မိုင် ၁၆၀)အထိ ပစ်ခတ်နိုင်စွမ်း ရှိသည်။

ထို့အပြင် အခြားဒုံးကျည်အမျိုးအစား ၂ ခုဖြစ်သော 9M96E နှင့် 9M96E2 တို့ဖြင့်လည်း ပစ်ခတ်ချေမှုန်းနိုင်ပြီး ၄၀ ကီလို (၂၅ မိုင်) နှင့် ၁၂၀ ကီလို (၇၅ မိုင်) အသီးသီးရောက်ရှိနိုင်သည်။

ယခုစမ်းသပ်ပစ်ခတ်ရာတွင် အသုံးပြုခဲ့သော ဒုံးကျည်အမျိုးအစားမှာ 48N6E2 ကို အဆင့်မြှင့်ထားသည့် 48N6DM/48N6E3 ဒုံးကျည်ဖြစ်ဖွယ်ရာရှိသည်။


48N6DM/48N6E3 ဒုံးကျည်

48N6DM/48N6E3 အမျိုးအစားဒုံးကျည်၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် ၄၈၀၀ မီတာဖြစ်ကြောင်း ရုရှားမီဒီယာတို့တွင် ဖော်ပြသည်။

တရုတ်သည် ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ် ၂ ခုဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၃ ဘီလီယံပေးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါဒုံးကျည်ကာကွယ်ရေးစနစ်ဝယ်ယူရန် ၂၀၁၄ ခုနှစ်အတွင်း သဘောတူညီမှုရခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံပြီးလျှင် ပထမဆုံးအသုံးပြုခွင့်ရသည့်နိုင်ငံလည်း ဖြစ်သည်။

ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် Sukhoi Su-35S တိုက်လေယာဉ်များဝယ်ယူခဲ့သောကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ပစ္စည်းထုတ်လုပ်ရေးဌာန (EDD) ကို အမေရိကန်ပြည်ထောင်စုက ယခုနှစ် စက်တင်ဘာအတွင်း ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*