Latest post

စားသောက်ဆိုင်ပိုင်ရှင်က တူနာငါးတစ်ကောင်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် ဝယ်ယူ

ဂျပန်နိုင်ငံတွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးသည် တူနာငါးကြီးတစ်ကောင်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့သည်ဟု ဆိုသည်။

အဆိုပါ လုပ်ငန်းရှင်သည် ယခင်ကလည်း ကန်ဒေါ်လာ သန်းနှင့်ချီကာ ငါးဝယ်ခဲ့မှုများ ရှိသည်။

ယခုတစ်ကြိမ်ဝယ်ယူလိုက်သော ဈေးနှုန်းမှာမူ ယခင်ဝယ်ယူခဲ့မှုများကို စံချိန်တင်ဖြတ်ကျော်သွားပြီး ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းအထိ ပေးခဲ့သည်ဟု ဆိုသည်။

ဆူးတောင်ပြာ တူနာငါးကြီးအတွက် ပေးခဲ့သော ဈေးနှုန်းမှာ ရွှေတန်ဖိုးဖြင့် တွက်မည်ဆိုလျှင် ရွှေ ၄၃ ပိဿာဖိုးလည်း ဖြစ်လေသည်။

စားသောက်ဆိုင်ပိုင်ရှင် သူဌေးကြီး ကီယိုရှီ ကီမူရာသည် နာမည်ကျော် ဆူရှီစားသောက်ဆိုင်အုပ်စုဖြစ်သော Sushi Zanmai စားသောက်ဆိုင်များကို ပိုင်ဆိုင်သူဖြစ်သည်။

ယခု လေလံပွဲတွင် ပေးခဲ့သော ဈေးနှုန်းအရ အဆိုပါငါးကြီးမှာ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးငါးကြီးဖြစ်လာသည်။

ဂျပန်နိုင်ငံမြောက်ပိုင်း အေအိုမာရီစီရင်စုတွင် ဖမ်းမိခဲ့သည့်ငါးဖြစ်ပြီး အလေးချိန် ၂၇၈ ကီလိုဂရမ်ရှိကာ ကီမူရာက ဂျပန်ယန်းငွေ ၃၃၃ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၁ သန်း)ဖြင့် လေလံအောင်သွားခြင်း ဖြစ်သည်။

ထိုငွေဖြင့် နယူးယောက်မြို့လယ်၊ မန်ဟက်တန်အရပ်တွင် အိပ်ခန်း ၃ ခန်းပါ လူနေခန်း ဝယ်ယူနိုင်သည့် ပမာဏလည်းဖြစ်သည်။

သို့ရာတွင် ကီမူရာမူ ထိုက်တန်သည့်ဈေးနှုန်းဖြစ်သည်ဟု ယူဆထားပြီး အဆိုပါငါးဖြင့် ဖောက်သည်များကို ချက်ပြုတ်ရောင်းချပေးရန် စီစဉ်ထားသည်။

“အရသာရှိပြီး လတ်ဆတ်တဲ့ တူနာငါးကြီးတစ်ကောင် ကျွန်တော်ဝယ်နိုင်ခဲ့ပါတယ်။

ကျွန်တော်ပေးခဲ့တဲ့ဈေးနှုန်းက မူလခန့်မှန်းထားကြတာထက် များနေခဲ့တယ်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ ဒီအကောင်းဆုံးတူနာငါးကြီးကို လာရောက် အရသာခံကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။” ဟု ကီမူရာက လေလံပွဲအပြီးတွင် သတင်းမီဒီယာတို့အား ပြောကြားသည်။

လွန်ခဲ့သော ၆ နှစ်ခန့်ကလည်း ကီမူရာသည် ၂၂၂ ကီလိုဂရမ်အလေးချိန်ရှိသည့် ဆူးတောင်ပြာတူနာငါးတစ်ကောင်ကို ယန်းငွေ ၁၅၅ ဒသမ ၄ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၈ သန်း) ပေးခဲ့ဝယ်ယူခဲ့မှုမှာ ကမ္ဘာ့စံချိန်တစ်ခုဖြစ်ခဲ့သည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*