ချစ်သူဖြစ်ဖို့ ငြင်းခဲ့သူကို မက်ဆေ့ဂ်ျ အစောင် ၁၅၉၀၀၀ ပို့လို့ အဖမ်းခံခဲ့ရတဲ့အမျိုးသမီး

အရီဇိုးနားပြည်နယ်၊ ဖီးနစ်မှာ နေထိုင်တဲ့ ဂျက်ကွီလင်းအိတ်ဒ်စ်လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းမှာ တွေ့ဆုံခဲ့တဲ့အမျိုးသားတစ်ဦးကို နောက်ယောင်ခံလိုက်ခြင်းနဲ့ အနှောင့်အယှက်ပေးခြင်းပြုလုပ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အိတ်ဒ်စ်နဲ့ အွန်လိုင်းပေါ်မှာ တွေ့ခဲ့တဲ့ အမျိုးသားတို့ဟာ ပထမဆုံးအကြိမ် အပြင်မှာ တွေ့ဆုံခဲ့ပြီးနောက် အိတ်ဒ်စ်ဟာ မက်ဆေ့ဂ်ျပေါင်း ၆၅၀၀၀ စောင် ပို့ခဲ့တယ်လို့ ယင်းအချိန်တုန်းက စွပ်စွဲခံခဲ့ရပါတယ်။ အိတ်ဒ်စ်က ၎င်းရဲ့ဘဝလက်တွဲဖော်ကို တွေ့ခဲ့ရသလို ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပြီး မက်ဆေ့ဂ်ျပို့ခဲ့တဲ့အစောင်ရေဟာ အစပိုင်းက ယုံကြည်ရတာထက် ပိုများနေခဲ့ပါတယ်။

မာရီကိုပါကောင်တီတရားရုံးစာရွက်စာတမ်းတွေအရ အိတ်ဒ်စ်ဟာ ရဲတပ်ဖွဲ့ရဲ့ ဝရမ်းထုတ်ခံရလောက်တဲ့နည်းလမ်းတွေကို ပြုမူခဲ့တယ်လို့ သိရပါတယ်။ အိတ်ဒ်စ်ဟာ ၎င်းနှစ်သက်နေတဲ့ အမျိုးသားရဲ့ အိမ်နဲ့ ရုံးခန်းကို သွားရောက်ခဲ့ပြီး ယင်းအမျိုးသားနဲ့ နီးစပ်နိုင်ဖို့အတွက် ဇနီးဖြစ်သူပုံစံအထိ ဟန်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အိတ်ဒ်စ်က မက်ဆေ့ဂ်ျစောင်ရေများစွာ ပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို မငြင်းပယ်ခဲ့ဘဲ ၎င်းရဲ့အပြုအမူဟာ မှန်ကန်ကြောင်းသာ သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။

အိတ်ဒ်စ်နဲ့ အမည်မသိအမျိုးသားဟာ မီလျံနာတွေအတွက် ရည်းစားရှာဖွေပေးတဲ့ဝန်ဆောင်မှုကုမ္ပဏီရဲ့ ချိတ်ဆက်ပေးမှုနဲ့ ဇိမ်ခံသင်္ဘောတစ်စင်းပေါ်မှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ အိတ်ဒ်စ်က ပြောပြခဲ့ပါတယ်။ ယင်းအမျိုးသားဟာ အသားအရေထိန်းသိမ်းရေးထုတ်ကုန်ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုဖြစ်ပြီး အိတ်ဒ်စ်နဲ့ဆက်ဆံရေးကို ရှေ့ဆက်လိုခဲ့ခြင်းမရှိပေမယ့် အိတ်ဒ်စ်ကတော့ အဆုံးအစွန်အထိ စိတ်ကူးထဲမှာ အစီအစဉ်ချခဲ့ပြီးဖြစ်ပါတယ်။

“ကျွန်မရဲ့ ဘဝလက်တွဲဖော်အစစ်ကို တွေ့ခဲ့ပြီလို့ ခံစားခဲ့ရပါတယ်။ ကျွန်မတို့လည်း အခြားလူတွေအားလုံး လုပ်တဲ့ကိစ္စတွေအတိုင်း လုပ်ကြမယ်။ ကျွန်မတို့ လက်ထပ်ကြမယ်။ အရာအားလုံးက အဆင်ပြေသွားမှာပဲလို့ တွေးခဲ့မိတယ်။ အချစ်ကို ရှာတွေ့တဲ့အချိန်မှာ အရာအားလုံးကတော့ ပြီးပြည့်စုံနေမှာမဟုတ်ပါဘူး။ ဒါက ခရီးကြမ်းတစ်ခုပဲ။ ပြီးတော့ ကျွန်မ တောင်းပန်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူ့ကိုမှ ဒီထက်ပိုပြီး ဘယ်တော့မှ စိတ်မကောင်းမဖြစ်စေချင်လို့ပါ”လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အိတ်ဒ်စ်က ယင်းအမျိုးသားကို ချစ်ခင်နှစ်သက်ကြောင်း၊ ဂရုစိုက်ကြောင်း ပြောကြားခဲ့ပေမယ့် ဖုံးကွယ်ထားခြင်းမရှိတဲ့ မက်ဆေ့ဂ်ျအချို့ထဲမှာ ခြိမ်းခြောက်မှုတွေ ပါဝင်နေခဲ့ပါတယ်။

“ကျွန်မကို ထားခဲ့ဖို့ ဘယ်တော့မှမကြိုးစားနဲ့။ ရှင့်ကို ကျွန်မ သတ်ပစ်မယ်။ ကျွန်မ လူသတ်သမား မဖြစ်ချင်ဘူး”ဆိုတာကတစ်မျိုး၊ “သြော်၊ ရှင့်သွေးတွေနဲ့ ကျွန်မ ဘာလုပ်ရင်ကောင်းမလဲ။ ရှင့်သွေးတွေကို ရေချိုးကန်ထဲထည့်ပြီး ရေချိုးချင်လိုက်တာ”ဆိုတာ တစ်ဖုံ ခြိမ်းခြောက်ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလမှာ အမည်မသိယင်းအမျိုးသားဟာ နိုင်ငံအတွင်းကနေ ထွက်ပြေးခဲ့ရပြီး ရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်ကြားခဲ့ပါတယ်။ နယ်ထိန်းတွေက ယင်းအမျိုးသားရဲ့အိမ်ကို ဝင်ရောက်ရှာဖွေတဲ့ ဗီဒီယိုဖိုင်ထဲမှာ အိတ်ဒ်စ်ကို အိမ်ထဲက ရေချိုးကန်ထဲမှာ မြင်တွေ့ခဲ့ရပြီး အိတ်ဒ်စ်ဟာ အိမ်ကို ဖောက်ဝင်ခဲ့တာဖြစ်ပါတယ်။ အိမ်အပြင်ဘက်မှာ ရပ်ထားတဲ့ အိတ်ဒ်စ်ရဲ့ကားထဲမှာလည်း သားသတ်ဓားတစ်ချောင်းကို တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က အိတ်ဒ်စ်ကို နောက်ယောင်ခံလိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်းတွေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*