ခွေးကိုက်ခံရမှာစိုးလို့ ကာကွယ်ခဲ့တဲ့အမျိုးသမီးကို ခွေးပိုင်ရှင်က ကိုက်

အပြေးလေ့ကျင့်သူအမျိုးသမီးတစ်ဦးကို ခွေးက ကိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ယင်းအမျိုးသမီးက ငရုတ်ကောင်းစပရေးဗူးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ပြီး ခွေးပိုင်ရှင် ဆယ်ကျော်သက်အမျိုးသမီးက ခွေးကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့အမျိုးသမီးကို မကျေနပ်တာကြောင့် လက်မောင်းကို ကိုက်ခဲ့ပါတယ်။

အရှေ့ပင်လယ်အော်ဒေသတွင်းပန်းခြံခရိုင်ရဲဌာနရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ “ကြာသပတေးနေ့နံနက်က အန်သိုနီချာဘော့ဒေသတွင်းပန်းခြံမှာ အပြေးလေ့ကျင့်နေတဲ့ အမျိုးသမီးကို ခွေးတစ်ကောင်က ကိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အပြေးလေ့ကျင့်သူအမျိုးသမီးဟာ ငရုတ်ကောင်းစပရေးဗူးကို အသုံးပြုပြီး ခွေးကို ပြန်လည်ခုခံခဲ့ပါတယ်။ ယင်းဖြစ်စဉ်အပြီး မကြာမီမှာပဲ အသက် ၁၉ နှစ်အရွယ် ခွေးပိုင်ရှင်အမျိုးသမီးဟာ အပြေးလေ့ကျင့်သူအမျိုးသမီးကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်”လို့ ရေးသားထားပါတယ်။

“ခိုက်ရန်ဖြစ်ပွားပြီးနောက် ရုပ်ပိုင်းဆိုင်ရာရလဒ်အဖြစ် ပြစ်မှုကျူးလွန်ခံရသူဟာ သံသယရှိသူရဲ့ ကိုက်ခဲခြင်းကို ခံခဲ့ရမှုကြောင့် သိသာထင်ရှားတဲ့ ဒဏ်ရာရခဲ့ပါတယ်”လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပြီး အကိုက်ခံရသူ အမျိုးသမီးရဲ့လက်မောင်းက သွားရာကို ရိုက်ကူးထားတဲ့ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်မှာ ရဲတပ်ဖွဲ့က မျှဝေခဲ့ပါတယ်။

ဒုဗိုလ် ဒေးဗစ်ဖပ်က NBC Bay Area သတင်းဌာနကို ပြစ်မှုကျူးလွန်ခံရသူ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ဟာ လူတစ်ဦးရဲ့တိုက်ခိုက်ခံရမှုဖြစ်ပြီး ခွေးရဲ့တိုက်ခိုက်ခြင်းခံခဲ့ရတာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ခွေးကိုက်ရာထက် လူတစ်ယောက်ရဲ့သွားရာဆိုတာ အရမ်းကို သိသာနေပါတယ်”

“အကိုက်ခံရတာအပြင် ထိုးကြိတ်ခံရတဲ့၊ အကန်ခံရတဲ့ဒဏ်ရာတွေလည်း တွေ့ရှိခဲ့ပါတယ်။ ခွေးပိုင်ရှင်ဟာ နောက်ကနေလိုက်ပြီး ပြစ်မှုကျူးလွန်ခံရသူကို အပြေးလေ့ကျင့်နေတာ ရပ်တန့်စေခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*