ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ် ပရက်စလေ အမှန်တကယ်သေဆုံးခဲ့ခြင်းမရှိ

ရော့ခ်အင်ရိုးဂီတဖြင့် ကမ္ဘာကြီးကို တချိန်က ကိုင်လှုပ်ခဲ့သူ အဲလ်ဗစ် ပရက်စလေ နှလုံးရောဂါဖြင့် သေဆုံးခဲ့သည်ဆိုခြင်းမှာ ၎င်းကိုယ်တိုင် လုပ်ကြံခဲ့သည့်ဖြစ်ရပ်ဖြစ်ပြီး အမှန်တကယ်သေဆုံးခဲ့ခြင်းမရှိဘဲ ဇာတ်မြှုပ်နေထိုင်ခဲ့ခြင်းသာဖြစ်ကြောင်း ပရက်စလေကိုယ်တိုင်ပြောကြားထားသည့် အသံဖိုင်တစ်ခု ထွက်ပေါ်လာသည်။

အများသိထားခဲ့ကြသည်မှာ ပရက်စလေသည် ၁၉၇၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်တွင် ဂရေ့စ်လန်းရှိ ၎င်း၏တိုက်ခန်းတွင် နှလုံးရောဂါဖြင့် သေဆုံးသွားသည်ဟု သိရှိထားကြခြင်း ဖြစ်သည်။

ပရက်စလေသေဆုံးသွားပြီးနောက်ပိုင်း ၎င်း၏ဓာတ်ပုံသစ်များစွာလည်း ထွက်ပေါ်လာခဲ့ရာ ပရက်စလေမှာ အမှန်တကယ်သေဆုံးခဲ့ခြင်းမရှိဘဲ အသက်ရှင်သန်နေဆဲဖြစ်ကြောင်း ယုံကြည်သူ များစွာရှိခဲ့သည်။

ယခုအခါတွင်ကား ဂီးလ် ဘရူဝါ ဂျော်ဂျီယိုဆိုသူက အသံဖိုင်တစ်ခုကို ဖွင့်ချပြလိုက်ရာ ပရက်စလေ၏ ပရိသတ်များအကြား ဂယက်ရိုက်လျက်ရှိသည်။

အဆိုပါအသံသွင်း တိပ်ခွေအတွင်း ပါဝင်သည်မှာ ပရက်စလေနှင့် ဂျော်ဂျီယာသားတစ်ဦးတို့ ဖုန်းပြောထားကြပုံ အသံဖိုင်ဖြစ်ပြီး ပရက်စလေ သေဆုံးသွားပြီဟု ကမ္ဘာက လက်ခံလိုက်ကြပြီးနောက် ၄ နှစ်အကြာ ၁၉၈၁ ခုနှစ်၊ နွေဦးပေါက်တွင် အသံဖမ်းထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အသံဖမ်းယူထားသည့် တိပ်ခွေအတွင်း ပရက်စလေပြောကြားထားသည်မှာ “ကျွန်တော့်ကို အခုဘယ်မှာနေနေလဲလို့ လူတွေက အမြဲမေးကြတယ်။ ဒါကို ကျွန်တော်ပြောမပြနိုင်ပါဘူး။ ပုန်းအောင်းနေဖို့သိပ်ကောင်းတဲ့ နေရာတစ်ခုဆိုတာပဲ ပြောချင်ပါတယ်။ ကျွန်းလေးတစ်ကျွန်းပေါ်မှာပါ။ ဒီကျွန်းအကြောင်းကို ကျွန်တော်လေ့လာထားတာ ကြာပါပြီ။ တစ်နေ့ကျရင် ဒီကျွန်းလေးပေါ်မှာ လာနေမယ်လို့ အရင်ကတည်းက ကိုယ့်စိတ်ကိုယ်သိထားခဲ့ပါတယ်။ ဒီကျွန်းပေါ်မှာ တစ်နှစ်လောက်တော့ နေမှာပါ။ ပြီးရင်တော့ ကမ္ဘာပတ်ပါမယ်။ ဒါပေမယ့် လူတွေမမှတ်မိအောင် မုတ်ဆိတ်ရှည်ကြီးတွေနဲ့ သွားမှာပါ။”ဟု ပရက်စလေက ပြောထားပုံ ပါဝင်သည်။

“တစ်ချိန်ကျရင်တော့ ကျွန်တော်အသက်ရှင်နေသေးတယ်ဆိုတဲ့ လျှို့ဝှက်ချက်က ပေါက်ကြားသွားမှာပဲ ဖြစ်ပါတယ်။ အနှေးနဲ့ အမြန် ဒီလို ပေါက်ကြားသွားမယ်ဆိုတဲ့အတွေးကို တွေးရမှာ ကျွန်တော်မုန်းပါတယ်။”ဟုလည်း ပရက်စလေက ပြောထားသည်။

အမေရိကန်ပြည်ထောင်စုရှိ ပရက်စလေ Fan Club မှ ဥက္ကဌ မာရီယာ ကိုလံဘတ်စ်က ပြောကြားရာတွင် “တိပ်ခွေထဲမှာ ပါတဲ့အသံဟာ ပရက်စလေရဲ့အသံဆိုတာ ကျွန်မယုံပါတယ်”ဟု ပြောကြားသည်။

မာရီယာက အဆိုပါတိပ်ခွေမှ အသံကို အသံကျွမ်းကျင်ပညာရှင် အယ်လ်-အိတ်ခ်ျ-ဝီလျံစ်ထံ သွားရောက်ပြသရာ တိပ်ခွေတွင်းမှအသံမှာ အဲလ်ဗစ် ပရက်စလေ၏ အသံဖြစ်ကြောင်း အတည်ပြုချက်ရရှိခဲ့သည်။

Yellow Champac (shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*