Latest post

ကမ္ဘာ့အဆင့် MMA ကစားသမား ဆန်ကာတင်စာရင်းတွင် အောင်လအန်ဆန်းပါဝင် ဆုအတွက် ပရိသတ်များကိုယ်တိုင်မဲပေးရွေးချယ်နိုင်

MMA လောကတွင် အရှိန်အ၀ါအကြီးမားဆုံး ဆုပေးပွဲတစ်ခုဖြစ်သည့် World MMA Awards ဆုရွေးချယ်မည့်စာရင်းတွင် မြန်မာနိုင်ငံမှ MMA ကစားသမား အောင်လအန်ဆန်း ဆန်ကာတင်စာရင်းတွင်ပါဝင်လျက်ရှိပြီး အဆိုပါဆုအတွက် ပရိသတ်များ အွန်လိုင်းမှ တိုက်ရိုက်မဲပေးနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

ဧပြီလကုန်ပိုင်းကထုတ်ပြန်ထားသည့် အဆိုပါဆန်ကာတင်စာရင်းတွင် အောင်လအန်ဆန်းမှာ ဆုအမျိုးအစား နှစ်ခုအတွက် လျာထားခြင်းခံရပြီး Charles ‘Mask’ Lewis Fighter of the Year  ဆုနှင့် International Fighter of the Year ဆုများ အတွက်လျာထားခံရခြင်းဖြစ်သည်။ အဆိုပါဆုနှစ်ခုလုံးတွင် လူသိများသည့် UFC ပြိုင်ပွဲမှ ထိပ်တန်း MMA ကစားသမားများနှင့်အတူ ရွေးချယ်ထည့်သွင်းလျာထားခံရခြင်းဖြစ်သည်။

ယင်းဆုများအတွက် ကစားသမားတစ်ဦးချင်းစီအား ပရိသတ်များက ဆုပေးပွဲဝဘ်ဆိုက်ဖြစ်သည့် https://www.worldmmaawards.com/vote/ တွင် ၀င်ရောက်မဲပေးနိုင်ပြီး ပရိသတ်အများဆုံးမဲပေးခြင်းခံရသည့် ကစားသမားအား ရွေးချယ်ချီးမြင့်ပေးအပ်သွားမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်က စတင်ပြုလုပ်သည့် အဆိုပါဆုပေးပွဲမှာ နိုင်ငံတကာ MMA လောကတွင် အမြင့်ဆုံးဆုတစ်ခုဖြစ်ပြီး မြန်မာကစားသမားအနေဖြင့် ယခုနှစ်တွင်မှ ပါဝင်ထည့်သွင်းခံရခြင်းဖြစ်သည်။

လက်ရှိဆန်ကာတင်စာရင်းတွင် ပါဝင်နေသည့်အခြေအနေနှင့်ပတ်သတ်၍ “ ဒီလိုဆုမျိုးမှာ ကျွန်တော်ပါနေတာသိရတဲ့အတွက် ကျွန်တော်ကိုယ်တိုင်အတွက်ရော ကျွန်တော့်ပရိသတ်တွေနဲ့ နိုင်ငံအတွက်ရော ဂုဏ်ယူရပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာ ပရိတ်သတ်ကပေးတဲ့ Vote တွေထက် ကျွန်တော့်နိုင်ငံက ပရိတ်သတ်တွေကပေးမဲ့ Vote တွေကို ပိုပြီး လိုလိုလားလား လက်ခံရယူချင်ပါတယ်။ ဒီဆုဟာ ကျွန်တော့်ကို နိုင်ငံတကာအလယ်မှာပိုမိုသိလာစေမဲ့အပြင် ကျွန်တော်တို့နိုင်ငံကိုလည်း ပိုပြီးလူသိများလာစေနိုင်မဲ့ အခြေအနေမျိုးလည်းဖြစ်ပါတယ်” ဟုအောင်လအန်ဆန်းက မြန်မာနိုင်ငံမှပရိသတ်များအတွက် သတင်းစကားပါးထားသည်။

ကချင်တိုင်းရင်းသား MMA ဖိုက်တာအောင်လအန်ဆန်းမှာလက်ရှိတွင် ONE Championship ပြိုင်ပွဲများတွင် စာချူပ်ချူပ်ဆိုထားပြီး  Middle Weight နှင့် Light Heavy Weight အဆင့် ကမ္ဘာ့ချန်ပီယံခါးပတ်များကို ရရှိထားပြီး  ယခုနှစ်အတွင်းတွင်လည်း ၄င်းအတွက် စိန်ခေါ်မှုကြီးမားသည့် ပွဲစဉ်တစ်ခုဖြစ်လာမည့် Heavy Weight ချန်ပီယံ Brandon Vera နှင့်ယှဉ်ပြိုင်ရမည့် Light Heavy Weight ချန်ပီယံကာကွယ်ပွဲအတွက် စတင်ပြင်ဆင်နေပြီဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*