နိုင်ငံအသီးသီးက နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ထူးထူးခြားခြား ပွဲတော်များ

နိုင်ငံတိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နေထိုင်မှု ဘဝပုံစံတွေက မတူကွဲပြားကြသလို၊ ယဉ်ကျေးမှုဓလေ့ ထုံးစံတွေကလည်း အမျိုးမျိုး ကွဲပြားခြားနားကြပါတယ်။ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရဆိုရင် ၁၂လ ရာသီပွဲတော်များကို ဓလေ့ထုံးတမ်းစဉ်လာအရ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သလို၊ တခြားနိုင်ငံတွေမှာလည်း သူတို့ရဲ့ ထုံးတမ်းစဉ်လာအရ နှစ်စဉ်ကျင်းပတဲ့ ထူးထူးခြားခြား ပွဲတော်တွေ ရှိကြပါတယ်။ ဒီတော့…. နိုင်ငံအသီးသီးက နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ထူးခြားပွဲတော်များ အကြောင်းကို စိတ်ဝင်စားဖွယ် ဖော်ပြပေးလိုက်ပါတယ်။

(၁) Holi, India

အိန္ဒိယနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Holi ပွဲတော်ဟာဆိုရင် ယခုအခါ နိုင်ငံတိုင်းလိုလိုမှာ ပြုလုပ်လာကြတဲ့ Colours Festival ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ဆေးရောင်မှုန့်တွေနဲ့ သုတ်လိမ်းတဲ့ Holi ပွဲတော် ( Colours Festival ) ကို အိန္ဒိယနိုင်ငံနဲ့ နီပေါ တို့မှာ ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ ရိုးရာပွဲတော်တစ်ရပ်ပဲ ဖြစ်ပါတယ်။ Holi ပွဲတော်သွားတဲ့အခါ ရောင်စုံမှုန့်တွေနဲ့ သုတ်လိမ်းကြတဲ့အတွက် သစ်လွင်တောက်ပြောင်တဲ့ အဝတ်အစားများကို ဝတ်ဆင်စရာမလိုသလို၊ တေးဂီတ၊ ဖျော်ဖြေမှုပေါင်းများစွာနဲ့ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲနိုင်မယ့် ထူးခြားပွဲတော်ကြီး တစ်ခုပါပဲ။

(၂) Running of The Bulls, Spain

စပိန်နိုင်ငံရဲ့ အထူးခြားဆုံးနဲ့ အံ့သြမှင်သက်စရာ ပွဲတော်တစ်ရပ်ကတော့ စပိန်နိုင်ငံ Pamplona မှာ ကျင်းပတဲ့ ကျွဲရိုင်းလွှတ်ပွဲပါပဲ။ ကျွဲရိုင်း အုပ်စုလိုက်ကို မြို့ရဲ့လမ်းမတစ်လျှောက် လွှတ်ပြီးတော့ ဒီပွဲမှာ ပါဝင်ဆင်နွှဲတဲ့ လူတွေက လွှတ်အောင်ပြေးရတဲ့ ပွဲမျိုးပါ။ သူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာတစ်လျှောက် ကျင်းပပြုလုပ် လာကြတာဖြစ်ပြီး ဒီပွဲတော်ကြောင့် နှစ်စဉ်နှစ်တိုင်း လူပေါင်း နှစ်ရာကျော်လောက် ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ သိရပါတယ်။ တကယ့်ကို သည်းထိပ်ရင်ဖိုစရာကောင်းတဲ့ ထူးထူးခြားခြား ပွဲပါပဲ။

(၃) Rio de Janeiro Carnival, Brazil

ကမ္ဘာပေါ်မှာရှိတဲ့ နောက်ထပ်ထူးထူးခြားခြား ပွဲတော်တစ်ရပ်ကတော့ Rio de Janeiro Carnival ပွဲတော်ပါ။ ဒီပွဲတော်ကို Rio မြို့ရဲ့ လမ်းမတစ်လျှောက် ကျင်းပပြုလုပ်တာဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော Street Festival လို့ ပြောလို့ရပါတယ်။ ပွဲတော်ရာသီဆိုရင် ကမ္ဘာအရပ်ရပ်က လူပေါင်း ၂ သန်းလောက်က လာရောက်ဆင်နွှဲကြတယ်လို့ သိရပါတယ်။ ဒီပွဲတော်မှာဆိုရင် လမ်းမ တစ်လျှောက် Rio Style ပါတီပွဲများ၊ တေးဂီတဖျော်ဖြေမှုများအပြင် လှပခမ်းနားတဲ့ ဝတ်စုံများ ကို ဆင်မြန်းထားတဲ့ ဘရာဇီးလ်သူချောချော လေးတွေရဲ့ဖော်ရွေပျူငှာမှု၊ ဘရာဇီးလ် ယဉ်ကျေးမှုကို အထင်းသား မြင်တွေ့ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) Oktoberfest, Germany

ဂျာမနီနိုင်ငံ Munich မှာ နှစ်စဉ်ကျင်းပတဲ့ ထူးထူးခြားခြား ပွဲတော်ကတော့ Okatobaefest က ဘီယာပွဲတော်လို့ ပြောလို့ရပါတယ်။ ဒီပွဲတော်ကိုတော့ စက်တင်ဘာလ ကုန်ပိုင်း အောက်တိုဘာလ အစပိုင်းလောက်ထိ ၁၆ ရက်တိုင်တိုင် ကျင်းပတာဖြစ်ပြီး ဘီယာချစ်သူတွေ အတွက်တော့ တကယ့်ကိုပျော်ဖို့ကောင်းတဲ့ ပွဲဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် တေးဂီတ ဖျော်ဖြေပွဲ၊ အက၊ ပျော်ပွဲရွှင်ပွဲ များစွာလည်း ပါဝင်တဲ့အပြင် Beer is everywhere!

(၅) Battle of the Oranges, Italy

အီတလီမြောက်ပိုင်း Ivrea မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ပွဲတော်ကလည်း တကယ့်ကို ထူးထူးခြားခြား ပါပဲ။ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲတဲ့ လူတွေကို အုပ်စုနှစ်စုခွဲလိုက်ပြီး မြို့ရဲ့ လမ်းမတစ်လျှောက်မှာ လတ်ဆတ် တဲ့ လိမ္မော်သီးတွေနဲ့ ပစ်ပေါက်ရတဲ့ ပျော်ပွဲရွှင်ပွဲ ကစားပွဲတစ်ခုပါပဲ။ Battle of the Oranges ဆိုတဲ့အတိုင်း လိမ္မော်သီးတွေနဲ့ တိုက်ခိုက်ရတဲ့ ပွဲတော်ဖြစ်တာကြောင့် ကမ္ဘာပေါ်က တစ်ခုတည်း သော Food Fight ပွဲတော်တစ်ရပ်ပဲ ဖြစ်ပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*