မယုံကြည်နိုင်ဖွယ်ရာ အကျိုးကျေးဇူးတွေရှိတဲ့ ပန်းသီးရှာလကာရည်

ဟိုးအရင်တုန်းကတော့ ရိုးရိုးသာမန်ရှာလကာရည်ကိုသာ ရင်းနှီးကြသော်လည်း အခုနောက်ပိုင်းမှာတော့ ပန်းသီးရှာလကာရည် ( Apple Cider Vinegar)ကိုလည်း လူသိများလာကြပါပြီ ။ပန်းသီးရှာလကာရည်ဟာ ဆေးဘက်ဝင်တဲ့အပြင် ကောင်းကျိုးများစွာရှိပါတယ် ။ ဒါ့ကြောင့်လည်း လူသုံးများလာကြပါပြီ ။

၁။ အဆစ်ရောင်ရောဂါကိုသက်သာစေ
လက်ချောင်းများရောင်ရမ်းနာကြင်ခြင်း ၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း စတဲ့ အဆစ်ရောင်ရောဂါတွေကို ပန်းသီးရှာလကာရည် အသုံးပြုပြီး သက်သာစေနိုင်ပါတယ် ။
-ပန်းသီးရှာလကာရည် နှင့် ပျားရည် လက်ဖက်ရည် ၁ဇွန်းခန့်စီကို ခပ်နွေးနွေးရေတစ်ဖန်ခွက်ဖြင့် ရောလိုက်ပါ ။ ထို့နောက် သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ်ခန့်ကို ရောပြီး သောက်ရမှာပါ ။ တစ်နေ့ကို ၁ကြိမ် (သို့) ၂ကြိမ် သောက်ပေးနိုင်ပါတယ်။
-နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ ပန်းသီးရှာလကာရည်နှင့် ရေနွေးနွေးကို ဆတူရောစပ်ပြီး အဝတ်သန့်ကို နှစ်ကာ နာကြင်နေသော အဆစ်အမြစ် နေရာများသို့ ပွတ်လိမ်းပေးပါ ။ ပြီးနောက် ပတ်တီးသန့်သန့်ဖြင့် စည်းထားပြီး နာရီအတော်ကြာအောင် ထားလိုက်ပါ ။ လိုအပ်လျှင်လိုအပ်သလို တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါသည်။

၂။ အစာခြေစနစ်အတွက်အထူးကောင်းမွန်
ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့ alkalizing effect က ခန္ဓာကိုယ်တွင်း အစာခြေစနစ်ကောင်းမွန်ဖို့အတွက် အများကြီး အထောက်အကူပေးပါတယ် ။ ဒါ့ကြောင့် အစာမကြေခြင်း ၊ လေပွခြင်း ၊ ဗိုက်အင့်ဗိုက်ကယ်ခြင်း ၊ အစာအိမ်အောင့်ခြင်းနှင့် ရင်ပူရင်ဆာဖြစ်ခြင်းတို့မှ ကင်းဝေးစေမှာပါ ။ ထမင်းမစားခင် မိနစ် ၂၀အလိုမှာ ရေတစ်ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်၂ဇွန်းရောပြီး သောက်ပေးရုံနဲ့ အစာခြေစနစ်နဲ့ ပတ်သတ်လို့ ကောင်းမွန်စေမှာ ဖြစ်ပါတယ် ။

၃။ကိုယ်အလေးချိန်ကျစေ
ဝိတ်လျှော့ဖို့ ကြိုးစားနေသူများကိုလည်း ပန်းသီးရှာလကာရည်က အထောက်အကူ ပြုနိုင်ပါတယ် ။ ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ acetic acid က ခန္ဓာကိုယ်ကို ဝစေတဲ့ အဆီတွေမဖြစ်အောင် ကာကွယ်ပေးပါတယ် ။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း အစားအသောက်တွေမှ စုပ်ယူပေးနိုင်ပြီး ကိုယ်ခံအားကောင်းမွန်အောင်လို့လည်း လှုံ့ဆော်ပေးနိုင်ပါတယ် ။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းမှ၂ဇွန်း ခန့်ကို ရေတစ်ဖန်ခွက်ဖြင့် မနက်တစ်ကြိမ် ညနေတစ်ကြိမ် သောက်သုံးပေးရမှာ ဖြစ်ပါတယ် ။

၎။ခေါင်းကိုက်ပျောက်စေ
ခေါင်းတစ်ခြမ်းကိုက်တာဖြစ်စေ ၊ ခေါင်းမကြည် ၊ခေါင်းမူးကိုက်တာ ဖြစ်စေ ပန်းသီးရှာလကာရည်ကို သောက်သုံးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသေးတယ် ။ ခေါင်းကိုက်နေတဲ့အခါ ရေတစ်ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပြီး သောက်လိုက်ပါက ခေါင်းမူးခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

၅။မျက်နှာလိမ်းတဲ့တိုနာ
ပန်းသီးရှာလကာရည်ကို မျက်နှာလိမ်းတဲ့ တိုနာအဖြစ်လည်း အသုံးပြုလို့ ရပါသေးတယ် ။ ဝက်ခြံတွေကို ပျောက်ကင်းစေတဲ့အပြင် ချွေးပေါက်ကျဉ်းစေနိုင်ပါတယ် ။ ပန်းသီးရှာလကာရည်နှင့် ရေ (သို့) green tea ကို ဆတူရောစပ်ပြီး စပရေးပုလင်းထဲသို့ ပြောင်းထည့်လိုက်ပါ ။ မျက်နှာကို တစ်နေ့နှစ်ကြိမ် ဖြန်းပေးနိုင်ပါတယ် ။

၆။ဆံပင်ကောင်းမွန်စေ
ပန်းသီးရှာလကာရည်ဟာ ဆံပင်အတွက်လည်း ကောင်းကျိုးများစွာ ရှိပါတယ် ။ ပျက်စီးနေတဲ့ ဆံပင်တွေကို ပြန်လည်ကောင်းမွန်စေပြီး ဦးရေပြားကိုလည်း အားဖြည့်ပေးကာ ဗေါက်တွေလည်း ကင်းရှင်းစေနိုင်ပါတယ် ။ ရေနှစ်ခွက်နှင့် ပန်းသီးရှာလကာရည် ၄ပုံ၁ပုံ ခွက်ကို ရောပြီး ခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို လောင်း၍ဆေးပေးပါ။ ထို့နောက် ဦးရေပြားကို မိနစ်အနည်းငယ်နှိပ်နယ်ပေးပါ ။ ၅မိနစ်ခန့်ကြာလျှင် ရေဖြင့်ဆေးကြောလိုက်ပါ ။ ဒီနည်းလမ်းကို တစ်ပါတ်တစ်ကြိမ် ပြုလုပ်ပေးလို့ ရပါတယ် ။

၇။လှေးသန်းနှင့်မွှားများကို ကင်းဝေးစေ
သင့်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင်တော့ သတင်းကောင်းပါပဲနော်။ လှေးသန်း နှင့် မွှားကောင်တွေ တွယ်ကပ်မှုကြောင့် သင့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေ ယားယံခြင်း ၊ နာကြင်ခြင်း နှင့် ရောင်၇မ်းခြင်း နှင့် အခြားအရေပြားဆိုင်ရာ ပြဿနာများဖြစ်ကာ နေရထိုင်ရခက်ခဲစေပါတယ် ။အထူးသဖြင့် ခွေးလေးတွေအတွက်တော့ တကယ့်ကို ထိရောက်တဲ့ ဆေးနည်းလေးပါ။
-ပန်းသီးရှာလကာရည်နှင့် ရေကို ဆတူရောစပ်ပြီး စပရေးပုလင်းထဲသို့ ထည့်ပါ ။ လာဗင်ဒါဆီထည့်နိုင်လျှင် ၂စက်၊၃စက်ခန့်ထပ်ထည့်ပါ။ ထို့နောက် ပုလင်းကို လှုပ်ပြီး သင့်ခွေးလေးရဲ့ ခန္ဓာကိုယ်ပေါ်အနှံ့ ဖြန်းပေးပါ ။ ဖြန်းတဲ့အခါမှာ ခွေးလေးရဲ့ မျက်လုံး ၊နှာခေါင်း ၊နား စသည်တို့ထဲ မဝင်အောင် သေချာဂရုစိုက်ပေးပါ ။ ထို့နောက် ဖြန်းထားသောဆေးရည်များ ပြန့်သွားအောင် ခန္ဓာကိုယ်ကို ဘီးဖြင့် ပွတ်ပေးပါ ။ တစ်ပါတ်လျှင် အကြိမ်ရေအနည်းငယ်ခန့် လိုအပ်လျှင်လိုအပ်သလို ပြုလုပ်ပေးနိုင်ပါသည်။

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*