မိမိကိုယ်ကိုယုံကြည်မှု ရှိတာက အလှတရားတစ်ရပ်ဖြစ်တယ်ဆိုတာ သက်သေပြလိုက်တဲ့ မော်ဒယ်လ် (၅) ဦး

ကမ္ဘာကျော်အမျိုးသမီးအဝတ်အထည် ဘရန်းတစ်ခုဖြစ်တဲ့ Missguided ကနေပြီးတော့ သူတို့ရဲ့ ကြော်ငြာ Campaign တစ်ခုမှာ ထူးထူးခြားခြား မော်ဒယ်လ်တွေကို အသုံးပြုထားတာ တွေ့ရပါတယ်။ လူတွေတိုင်းက Perfect ဖြစ်တယ်ဆိုတာမရှိပါဘူး၊ ဘယ်လူမျိုးမဆို၊ ဘယ်လိုအသားအရေမျိုးမဆို၊ မော်ဒယ်လ်ဖြစ်နိုင်တယ်၊ မိမိကိုယ်ကိုယုံကြည်မှု ရှိတာက အလှတရားတစ်ရပ်ဖြစ်တယ်လို့ သက်သေပြတဲ့အနေနဲ့ ဒီမော်ဒယ်လ်တွေကို အသုံးပြုဖြစ်တာပါလို့ ဆိုပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်နေမှု အပေါ် လက်ခံနိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှု ရှိတာက လူတစ်ယောက်ရဲ့ အလှပါလို့ ဆိုလာတဲ့ မော်ဒယ်လ်တွေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Polly Ellens

သူမကတော့ မော်ဒယ်လ်လောကထဲကို ဝင်ရောက်လာတာ နှစ်ချီနေပါပြီ။ အောင်မြင်မှုကိုလည်း ပိုင်ဆိုင်ထားသူလေးပါ။ Polly Ellens က သူမရဲ့ မှဲ့ခြောက်တွေပြည့်နှက်နေတဲ့ မျက်နှာကို အရင်တုန်းကတော့ ရှက်တဲ့အတွက် မိတ်ကပ်တွေနဲ့ ဖုံးအုပ်ခဲ့ရဖူးပါတယ်တဲ့။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ သူမသိလိုက်တာက မိမိကိုယ်ကိုယုံကြည်မှု ရှိတာက အလှတရားဖြစ်တယ်လို့ ခံယူပြီး ရှက်ရွံ့မနေဘဲ နဂိုရှိရင်းပုံစံအတိုင်း မော်ဒယ်လ်လောကထဲ ခြေချလိုက်ပါတယ်။ အခုခါမှာဆိုရင်လည်း မျက်နှာပေါ် မှည့်ခြောက်တုဖန်တီးတာက beauty blogger တွေကြား ရေပန်းစားလျက်ရှိနေပါတယ်။

(၂) Mariana Mendes

ဘရာဇီးလ်က ဖက်ရှင်ဒီဇိုင်းနာတစ်ဦးဖြစ်တဲ့ Mariana ကတော့ သူမရဲ့ နှာခေါင်းဘေးက မွေးရာပါအမှတ် အကြီးကြီးရှိနေပါတယ်။ အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ သူမက ငယ်စဉ်အခါကတော့ ဒီမွေးရာပါအမှတ်ကို ဖျောက်ဖို့အတွက် ဆရာဝန်တွေနဲ့ ခွဲစိတ်ဖို့ထိတောင် စဉ်းစားခဲ့ဖူးပါတယ်တဲ့။ သူမရဲ့ မွေးရာပါအမှတ်ကြောင့် ရုပ်ဆိုးမလို့ လူတွေက ဝေဖန်ကဲ့ရဲ့ ကြပေမယ့် ဒီမွေးရာပါအမှတ်ဟာ သူမအတွက်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ရပ်အနေနဲ့သာ လက်ခံပြီး မိမိကိုယ်ကိုယုံကြည်မှု ရှိရှိသာ နေထိုင်တယ်လို့ ဆိုပါတယ်။

(၃) Isabella Fernandes

သူမကတော့ အသက် ၁၇ နှစ်အရွယ်မှာ မီးလောင်မှုကြောင့် ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ မီးလောင်ဒဏ်ရာရရှိခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒီဒဏ်ရာဒဏ်ချက်၊ အမာရွတ်တွေကြောင့် ဝမ်းနည်းငိုကြွေးတဲ့အပြင် ရှက်ရွံ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို ယုံကြည်မှု ရှိခဲ့တဲ့ အတွက်ကြောင့် အခုလို မော်ဒယ်လ်လောကထဲ ရောက်ရှိလာတာဖြစ်ပြီး ဒီအမာရွတ်တွေကိုတောင် ကျေးဇူးတင်ရအုံးမယ်လို့ Isabella က ဆိုပါတယ်။

(၄) Maya Spencer-Berkeley

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ Maya ဟာ Epidermolysis Bullosa လို့ခေါ်တဲ့ ရှားပါးအရေပြားရောဂါ တစ်မျိုးကြောင့် အခုလို ခန္ဓာကိုယ်အရေပြား အနှံ့အပြား အနီစက်များနဲ့ ပြည့်နှက်နေရတာပါ။ သူမရဲ့ sensitive ဖြစ်လွန်းတဲ့ အပေါ်ယံအရေပြားကြောင့် အလှပျက်ရမယ်လို့ မတွေးတော့ဘဲ သူ့လို အရေပြားပြဿနာရှိတဲ့ မိန်းကလေးတွေအနေနဲ့ ရှက်ရွံ့မနေသင့်ကြောင်းနဲ့ မိမိကိုယ်ကိုယုံကြည်မှု အပြည့်ရှိဖို့ပဲ လိုတာလို့ ဆိုပါတယ်။

(၅) Beth Brice

သူမကတော့ အရေပြားပြဿနာတစ်မျိုးကြောင့် အသားအရောင်မညီမညာဖြစ်ခြင်းကို ကြုံတွေ့နေရသူပါ။ ဒါပေမယ့် သူမက ဒီလို ထူးခြားတဲ့ အသားအရေကြောင့် မော်ဒယ်လ်ဖြစ်လာပြီး ဒီလိုအသားအရေဖြစ်နေလို့လည်း စိတ်ဓာတ်မကျပါဘူး၊ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံး လုပ်သွားတယ်လို့ ဆိုပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*