ကမ္ဘာကျော်ဆယ်လီများရဲ့ အလှအပရေးရာလျှို့ဝှက်ချက်များ

သင်ကြိုက်နှစ်သက်ရတဲ့ ကမ္ဘာကျော်ဆယ်လီများရဲ့ အသားအရေ၊ ဆံပင်တွေလိုမျိုး လှလှပပ လေးဖြစ်ချင်တယ်လို့ စိတ်ကူးကြည့်ဖူးမယ်ထင်ပါတယ်။ အမှန်တကယ်တော့ သူတို့လို လှပဖို့အတွက် တန်ဖိုးကြီးမားတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုဖို့ မလိုပါဘူး။ သူတို့ကိုယ်တိုင် ကလည်း သဘာဝပစ္စည်းတွေနဲ့ပဲ အသားအရေထိန်းသိမ်းမှုတွေ ပြုလုပ်တတ်ကြ ပါတယ်။ ဒီတော့… သင်အားကျရတဲ့ စတားတို့ရဲ့ အလှအပရေးရာထိန်းသိမ်းနည်း လျှို့ဝှက်ချက်များကို ဖော်ပြပေးလိုက်  ပါတယ်။

(၁) စပျစ်သီးစေ့

ဟယ်ရီပေါ်တာဇာတ်ကားထဲက မင်းသမီးချောလေး အမ်မာဝက်ဘ်ဆန်ရဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးပါ။ သူမက စပျစ်သီးစေ့ရဲ့ အဆီကို Moisturizer အဖြစ် အသုံးပြုပါတယ်။ စပျစ်သီးစေ့အဆီကို အလှကုန်ဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး အိမ်မှာလည်း ကိုယ်တိုင်ပြုလုပ်လို့ ရပါတယ်။ စပျစ်သီးအစေ့တွေကို ကြိတ်လိုက်ပြီး သံလွင်ဆီနဲ့ ရောစပ်အပူပေးလိုက်ရုံပါပဲ။ ညအိပ်ရာဝင်ခါနီးတိုင်း မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ မနက်အိပ်ရာထချိန်မှာ အသားရေကြည်လင်ဝင်းပ လာတာကိုတွေ့ရမှာပါ။

(၂) ထောပတ်သီး

Twilight ဇာတ်ကားထဲက မင်းသမီးလေး ခရစ်စတင်းစတီးဝဒ် ကတော့ ထောပတ်သီးကို conditioner အဖြစ် အသုံးပြုပါတယ်တဲ့။ ဒါ့ကြောင့်လည်း သူမရဲ့ဆံသားတွေက တောက်ပြောင်လှပနေတာကို သတိထားမိကြမှာပါ။ ထောပတ်သီးအနှစ်ကို ဦးရေပြား၊ ဆံပင်အနှံ့သုတ်လိမ်းပြီး ဆယ်မိနစ်လောက် ထားပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကလည်း လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းပါပဲနော်။

(၃) အုန်းဆီ

ကင်မ်ကာဒါရှီရန်အတွက်တော့ အုန်းဆီက မရှိမဖြစ် သဘာဝအလှကုန်တစ်မျိုးလို့ ဆိုပါတယ်။ သူမကတော့ အုန်းဆီကို ဆံသားကျန်းမာလှပဖို့အတွက် အကောင်းဆုံးအားဖြည့်ဆီ အဖြစ်အသုံးပြုပါတယ်။ အုန်းဆီကို ဆံသားအနှံ့ပွတ်လိမ်းပြီး ၂၄နာရီလောက် အကြာမှ ခေါင်းလျှော်ပါတယ်တဲ့။ အထူးသဖြင့် ကမ်းခြေသွားတဲ့အခါမျိုးမှာ ဆံသားကိုအုန်းဆီလိမ်းပေးမယ် ဆိုရင် နေလောင်ဒဏ်ကြောင့် ဆံသားပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၄) ဘီယာ

မင်းသမီးကြီး ကက်သရင်းဇီတာဂျိုးစ် ကတော့ အသက်ကြီးပေမယ့် လှမြဲလှဆဲဖြစ်နေတာကို တွေ့မြင်ရမှာပါ။ အထူးသဖြင့် သူမရဲ့ဆံပင်တွေက တောက်ပြောင်လှပနေတတ်တာကို သတိထားမိကြမှာပါ။ သူမရဲ့ဆံသားထိန်းသိမ်းရေး လျှို့ဝှက်ချက်ကတော့ ဘီယာကို အသုံးပြုပါတယ်တဲ့။ ဘီယာကို ဆံသားပေါ်သုတ်လိမ်းပေးပြီး shower cap နဲ့ ငါးမိနစ်ခန့် အုပ်ထားပေးပါ။ ဒီနည်းလမ်းက ဆံသာများကို အတွင်းပိုင်းအထိ အားဖြည့်ပေးပြီး တောက်ပြောင်လှပတဲ့ ဆံကေသာကို ခဏအတွင်း ရရှိနိုင်မှာပါ။

(၅) ဝိုင်

အသက် ၅၀ကျော်နေပြီဖြစ်တဲ့ ဟောလိဝုဒ်မင်းသမီးကြီး Teri Hatcher ရဲ့အသားအရေ ထိန်းသိမ်းနည်းလမ်းလေးပါ။ အသက်အရွယ်ရလာတဲ့အခါ အနည်းနဲ့အများကတော့ အသားအရေ ပျက်စီးမှုဒဏ်ကို ခံစားကြရတာပါပဲ။ ဒါကို ကာကွယ်ဖို့အတွက် တယ်ရီရဲ့ အသားအရေထိန်းသိမ်း နည်းလမ်းကတော့ အံ့မခမ်းပါပဲ။ ရေချိုးကန်ထဲကို ဝိုင်နီ ဒါမှမဟုတ် ဝိုင်ဖြူ နှစ်ခွက်ရောစပ်ပြီး ရေစိမ်ချိုးတယ်လို့ သိရပါတယ်။ ဝိုင်နဲ့ရေစိမ်ချိုးခြင်းက အသားအရေကိုကြည်လင်ဝင်းပစေပြီး ဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*