အပျိုရှုံးလောက်အောင် ခန္ဓာကိုယ်သွယ်လျလှပနေဆဲ ကမ္ဘာကျော်ဆယ်လီမေမေများ

ကလေးမွေးပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသမီးအများစုက ခန္ဓာကိုယ်အလေးချိန် မထိန်းနိုင်ကြတော့ဘဲ ဝိတ်တက်လာကြတာ များပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာလည်း ကိုယ့်ရဲ့ရင်သွေးငယ် ကျန်းမာ ကြံ့ခိုင်ဖို့ အတွက် အာဟာရပြည့်တဲ့ အစားအစာများကို စားသုံးရသလို၊ မွေးဖွားလာပြီးတဲ့ အခါမှာ လည်း နို့ချိုရည် တိုက်ကျွေးရတဲ့ အတွက် ဝိတ်ချဖို့ကို အတွေးမဝင်တော့ပါဘူး။ ဒါပေမယ့် ကမ္ဘာကျော်အနုပညာရှင်၊ မော်ဒယ်လ်တွေကျတော့ ကလေးသုံးလေးယောက်လောက် မွေးပြီးတာ တောင် ခန္ဓာကိုယ် သွယ်လျလှပနေရတာ လျှို့ဝှက်ချက်က ဘာများလဲ။ သိချင်သွားပြီမလား။ ဒီတော့… ကလေးသုံး၊ လေးယောက်မိခင်တွေဖြစ်တဲ့ ကမ္ဘာကျော်မင်းသမီး၊ မော်ဒယ်လ်တချို့ရဲ့ ခန္ဓာကိုယ်  အလေးချိန် ထိန်းနည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

(၁) Jessica Alba

မင်းသမီးချောလေး Jessica ကတော့ သားနှစ်ယောက်၊ သမီးတစ်ယောက်ရဲ့ မိခင်တစ်ဦးဖြစ်နေပါပြီ။ ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ်အလှအပကို ဆက်လက်ထိန်းထားနိုင်ဆဲပါပဲ။ သူမရဲ့ ခန္ဓာကိုယ် ထိန်းသိမ်းမှု လျှို့ဝှက်ချက်ကတော့ သင့်တင့်မျှတတဲ့ diet plan အတိုင်း စားသုံးပြီး သကြားဓာတ် ပါဝင်တဲ့ အစားအစာများကို ရှောင်ကြဉ်တဲ့အပြင် တစ်ဖက်မှာလည်း work out လုပ်ဖို့ နေ့စဉ် အချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

(၂) Heidi Klum

ဂျာမန် စူပါမော်ဒယ်လ် တစ်ဦးဖြစ်တဲ့ Heidi ကတော့ ကလေး (၄) ယောက်မိခင်လို့ မထင်ရလောက် အောင်ကို သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ သူမဟာ ကလေးမွေးဖွားပြီး လပိုင်း လောက်မှာပဲ ဖက်ရှင်ရှိုးပွဲတွေမှာ ပြန်လည်တွေ့မြင်နေရတတ်ပါတယ်။ သူမအတွက်တော့ ဝိတ်ချတယ် ဆိုတာဟာ ခက်ခဲလွန်းတဲ့ အလုပ်မဟုတ်ဘူးလို့ ဆိုပါတယ်။ နေ့စဉ်နေ့တိုင်း ခွေးလေးနဲ့ လမ်းလျှောက်  ထွက်ပြီး စက်ဘီးစီးတယ်လို့ ဆိုပါတယ်။

(၃) Natalia Vodianova

ရုရှား စူပါမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Natalia က ကလေးငါးယောက်မိခင်တစ်ဦးပါ။ ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာက အပျိုလေးတစ်ယောက်လိုပါပဲ။ သူမက ကလေးမွေးဖွားပြီး လပိုင်းလောက်မှာပဲ swim suit နဲ့ ပုံတစ်ပုံကို အင်စတာဂရမ်ပေါ် တင်ခဲ့ပါတယ်။ ကလေးမွေးဖွားပြီး တာတောင် သွယ်လျလှပတဲ့ ခန္ဓာကိုယ်အချိုးအစား ဘယ်လိုထိန်းခဲ့လဲ ဆိုတာ ကတော့ သွေးအမျိုးအစားအလိုက် စားသုံးသင့်တဲ့ diet plan ကိုလိုက်နာပြီး အကသင်တန်း တက် ဖြစ်တယ်လို့ ဆိုပါတယ်။ Natalia က ယောဂကျင့်ခြင်း၊ work out တွေ လုပ်တာက ပခုံးနဲ့ လက်မောင်း တွေကို ကြီးလာစေတဲ့အတွက် မကြိုက်နှစ်သက်ကြောင်း၊ သူမအတွက် တော့ အက က ခြင်းက အကောင်းဆုံး လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပြီး နုပျိုလှပစေတယ်လို့ ဆိုပါတယ်။

(၄) Angelina Jolie

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး Jolie ကတော့ ကလေးခြောက်ယောက် မိခင်ဆိုပေမယ့် သုံးယောက်ကို မွေးစားထားပြီး ၃ယောက်ကိုတော့ ကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီး မွေးထားတာပါ။ ကလေးသုံးယောက် မွေးထားပြီးတဲ့ မိခင်ဖြစ်နေပေမယ့် သူမရဲ့ ခန္ဓာကိုယ်က လှပနေဆဲပါပဲ။ Jolie က ယောဂကျင့်ပြီး အေရိုးဘစ်လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်ပြုလုပ်ဖြစ်တဲ့အတွက် အခုလို ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး Jolie က လက်ဝှေ့ထိုးခြင်းကိုလည်း ဝါသနာပါတဲ့သူ တစ်ယောက်ပါပဲ။

(၅) Julia Roberts

ကလေးသုံးယောက်မိခင် Julia က သူမရဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်သလို၊ အရွယ်တင်နုပျိုတဲ့ အလှကြောင့်လည်း People မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးများ စားရင်းမှာ ငါးကြိမ်တိုင်တိုင် top 10 စာရင်းဝင်ခဲ့သူ တစ်ဦးပါပဲ။ Julia ကတော့ သင့်တင့်မျှတတဲ့ Diet plan အတိုင်း နေထိုင်စားသောက်ပြီး နုပျိုလှပဖို့အတွက်လည်း လေ့ကျင့်ခန်း၊ အားကစားတစ်ခုခုကို ပုံမှန်ပြုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*