Category: Poem About Innlay

Sep 25 2011

အင်းသားတို့ပွဲ

အိုးစည်သံပြိုင်နွှဲလင်းကွင်းနဲ့

အင်းလေးမှ ကျောင်းတော်ဝင်

ဝါကျွတ်ချိန်တွင်

ဖောင်တော်ဦးမြတ်ရှင်ပင်၊ လှေယဉ်နဲ့ ကြိုဆွဲ

ပြိုင်လှေတွေ တဖုံတွဲလို့

နွှဲကြတဲ့ပွဲ။

ပျိုတို့ရွာ လူပျိုသိုးက

ထိုးမင်ကြောင်ကွက်ထင်ထင်

လှေစင်ပေါ်တွင်

သိုင်းကကွက်ဆင်၊ အသွင်ကလွန်ထူး

လှေလှော်သားနောက်လိုက်များတယ်

ပြေကျော်ကြား လက်ခုပ်ဝါးရယ်

ဟားတိုက်လို့မြူး။

မောင်တို့ရွာ ခင်မှုံလေးက

ကွေးကောက်ကောက် ဆံမြိတ်နွယ်

အသားဝါ ကြည်ကြည်ဖွေးအောင်

မွှေးနံသာခြယ်။

အင်းသူမို့ အလှကြွယ် လနှယ်ပ တနှုန်း

မြင်မရိုးလေတဲ့

အင်းပိုးထည် အဆင်လှနဲ့

ယဉ်စစ မူဟန်ထူးတယ်

မြူးလို့ ရွှင်ပြုံး။

ဖောင်တော်ဦး ကျောင်းပေါ်ရောက်တော့

ကျောင်းအောက်က ရေပြင်မှာ

ပြိုင်လှေတွေ တက်ရည်သွေးလို့

ကြွေးဟစ်လှော်ရှာ။

ဒို့ရွာကလှေမှာ၊ ပြိုင်ပါတဲ့သည်ပွဲ

ခြေတဖက်လှော်တက်များရယ်

အားသစ်လို့ခဲ။

ပန်းဆွဲတဲ့ ကိုလူပျို

မလေးမှုံ ပန်းကုံးဆက်တော့

ရှက်ပြုံးနွဲ့ချို။

ဒို့ရွာကကြို၊ ဟစ်ဆိုကြ “လေ့လေ့ဟော”

သည်နှစ်မှာ နိုင်တဲ့ပွဲလို

နောင်နှစ်ခါ ပန်းကိုဆွဲမယ်

အားခဲကြလော။

ယုမောင် (အင်းလေး)

Mar 28 2011

“တုနှိုင်းမနိုင်သာမိမေတ္တာ”


ကလျရေကြည် သန္ဓေမှချည် ပူငန်ဖန်ခါး ရှောင်ကာရှား၍

ကိုးလရင်လွယ် ပင်ပန်းသွယ်ဖြင့် သေမင်းအန်တု သက်ကိုလု၍

မွေးဖွားကျင့်အောင် လူဘောင်ဆောင်စေ ကျေးဇူးကြီးပေ မာတာအမေ…

ဖ၀ါးလက်နှစ်လုံး မွေးခင်းမှသည် ပုခုံးလက်နှစ်သစ် အစချည်လျက်

လူလယ်တင့်တယ် ၀င့်ကြွားစေရွယ် ကောင်းကင်ဝတ္တိံ မီးပင်လယ်လည်း

အမေ့ ဇွဲထန် စွမ်းတမံဖြင့် ဖြတ်ကျော်နိုင်သည် တို့အမေ…

နှဖူးချွေးစက် ခြေမထက်သို့ ချောင်းလိုအသွင် စီးနေသော်လည်း

ညိုငြင်မဖက် အပြုံးဆက်၍ သားတို့ဝမ်းစာ မလစ်စေအောင်

ရှေ့သို့ဆောင်လေ  တို့အမေ…

သားသမီးတောင်းတ ဟူသမျှကို ကိုယ်ပင်မရှိမွဲသော်ငြားလည်း

သူကြွယ်မဟန် ရအောင်ကြံ ၍  ဖြည့်ကျင့်တမူ စွမ်းဆောင်နိုင်လေ

တတ်နိုင်လွန်းသည် တို့အမေ…

မကောင်းကိုတား ကောင်းကိုမြှား၍ ရွှေအိုးပညာ ရစေကြံရွယ်

ချော့ခြောက်မာယာ နည်းထန်စွာဖြင့် ရက်စက်ဟန်ပြု ဒေါသတု၍

ဇွဲကုန်သင်နေ  တို့အမေ….

တောင်ပံစုံမက် ကြင်ဖော်ဖက်၍ ဝေးရာဝဲပျံ သားတို့ဟန်ကို

ရင်ဝယ်သောက ပူဆွေးငြားလည်း သားတို့ပီတိ ရင်မှာဖိ၍

ကြိတ်မှိတ်တစေ ငွေကြွေးကာဖြင့် လွမ်းလို့သာနေ  တို့အမေ..

နီးနေမသိ ဝေးမှထိသည့် လောကလူသား လူအများအား

နှိုင်းမဲ့စေတနာ မိမေတ္တာကို နောင်တရယ်အပေါင်း မနှောင်းစေဖို့

လကာင်္ကဗျာ ဖော်ကျူးဆောင်စေ မွေးကျေးဇူးတွေဆပ်ကြလေ…….

“အမေ့ကျေးဇူးကိုအချိန်မီ သိတတ်ပြန်ဆပ်ကြစေရန်ရည်ရွယ်၍ လောကလူသားး တစ်ဦး..”


အယ်အောင်မျိုး ( အင်းလေး )

Jan 26 2011

နှမထွေးတို့အင်းလေးကန်

ချစ်တဲ့သူငယ်လေ…

သူငယ်ချင်းကောင်းရောင်းရင်းတို့လေ။

နှမထွေးတို့ အင်းလေးရွာကို သိလိုပါမူ

ရေပြာပြာနှင့် ဗေဒါနှင့်။

အင်းတောင်ကမူ

ရွှေဝါချောင်းနှင့် လမ်းကောင်းနှင့်။

အင်းနောက်ကမူ

တံခွန်စမ်းနှင့် ခင်တန်းနှင့်။

အင်းရှေ့ကမူ

တောင်မြင့်ရိုးနှင့် ပုထိုးနှင့်။

အင်းမြောက်ကမူ

ကျွန်းမြောသာနှင့် လယ်ယာနှင့်။

ကျွန်းမျောသာနှင့်၊ လယ်ယာဖွေးဖွေး

နှမထွေးတို့၊ အင်းလေးရွာကို

ရောက်လိုပါမူ၊ ၀ါကျွတ်ကယ်မှ လဦး

ကြာပန်းဖူးတော့ ခူးခဲ့ပါရှင်။

ရွှေကြာပန်းဖူး၊ မခူးလိုမူ

ဗေဒါဖူးကို၊ ခူးခဲ့ပါရှင်။

ရှုခင်းသာလှ၊ အင်းဌာနကို

ရောက်ခဲ့ရမူ၊ နှမတသွယ်၊ မောင်ငယ်မခြား

သဒ္ဒါပွါးလို့ ကြိုပါ့မယ်။

အလို…အင်းနှယ်ရေလျှမ်း၊ တောင်မြင့်ဝန်းမို့

ကြိုလှမ်းငယ်မသာ၊ အလာဖင့်နှေး

ခရီးငယ်ဝေးသောခါ

စေလွှာတမန်၊ မကြံသာရေး

ရွာနံဘေးက၊ မျှော်ငေးကာနေပါ့မယ်

မယ့်ချစ်သူငယ်ကကျွမ်း၊ လွမ်းတုံ့တင်လေး။

ရေးသူ – ယုမောင် (အင်းလေး)

အင်းလေးကန်ကဗျာများ (၁၉၆၅ မေလ)

Jan 26 2011

မြန်းလှဲ့ပါရှင်

ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း၊ ယောင်းမတို့လေ

ကြေးမုံမှန်သား၊ အလားပမာ

ရေသီတာနှင့်၊ ဘယ်ညာယှဉ်ပြေး

တောင်ညိုမှိုင်းမှိုင်း၊ ရစ်ဝိုင်းညို့ညို့

ပိုက်ဆို့ထွေး၊ အင်းလေးကို ရောက်ဖူးပါစရှင်။

အင်လေးဒေသ၊ ရောက်လိုလှမူ

အင်းဝထိပ်ဗွေ၊ ညောင်ရွှေမည်ထ

တွင်နာမနှင့်၊ မြို့လှမွန်မှ

တဖန်စက်လှေ၊ စီးလာချေမူ

မသွေအင်းသို့ ရောက်တော့တယ်။

အင်းသို့ရောက်၍၊ တခေါက်တခါ

မယ်တို့ရွာကို၊ လာချင်လိုမူ

ဗေဒါပန်းနှင့်၊ ဆိပ်ကမ်းနှင့်။

ရွာတောင်ကမူ၊

ကျူပင်တောနှင့် ကျွန်းမျောနှင့်။

ရွာမြောက်ကမူ

လူဆူသံနှင့်၊ ရေခြံနှင့်။

ရွာနောက်ကမူ

ကြာဖြူပန်းနှင့်၊ ကျွန်းတန်းနှင့်။

သီတင်းဝါကျွတ်၊ လခေါင်ထွက်မှာ

မပြတ်ကျင်းမြဲ၊ နိုင်ငံတခွင်

ကျော်လွှားထင်သည့်၊ မြတ်ရှင်ဖောင်တော်

ဦးပွဲတော်ကို၊ ပျော်နွှဲလိုမူ

ဝါဆိုငယ်မှ ၀ါကျွတ်၊ လက်မလွတ်တမ်း

မြန်းလှဲ့ပါရှင်။

အလို- အပျိုဖြူကြိုကာလှမ်း၊ ကမ်းဆင့်လွှာလေး။

ရေးသူ – မောင်ရွှေနွယ် (အင်းလေး)

အင်းလေးကန်ကဗျာများ (၁၉၆၅ မေလ)