Latest post

ခရစ္စတီယာနို ရော်နယ်ဒိုက ဟိုတယ်ဝန်ထမ်းများအား ၁၇၈၅၀ ပေါင် (မြန်မာငွေ သိန်း ၃၄၀ ခန့်) ဘောက်ဆူးပေး

စီရော်နယ်ဒိုဟု မြန်မာဘောလုံးပရိသတ်များအကြား နာမည်ကျော်သူ ခရစ္စတီယာနို ရော်နယ်ဒိုသည် ဂျူဗင်တပ်သို့ ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ ထားသည်ဖြစ်ရာ အလွန်ငွေရွှင်နေသည့် အချိန်ကာလများဖြစ်သည်ဟု ဆိုနိုင်သည်။

သို့ရာတွင် မည်မျှကြွယ်ဝသည်ဖြစ်စေ တစ်ပ်မန်းနီးပေးရာတွင် မည်သူမျှ အလွန်များပြားစွာ ပေးလေ့မရှိချေ။

စီရော်နယ်ဒိုသည်ကား ဂရိနိုင်ငံရှိ ဟိုတယ်တစ်ခုတွင် မိသားစု၊ မိတ်ဆွေများနှင့် အတူနေထိုင်ခဲ့ပြီးနောက် ဝန်ထမ်းများကို ပေါင် ၁၇၆၅၀ (မြန်မာငွေ သိန်း ၃၄၀ ခန့်) ဘောက်ဆူးပေးခဲ့သည်ဟု ဆိုသည်။

စီရော်နယ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရပြီးနောက်တွင် ကော့စ်တာ နာဗာရီနိုအမည်ရှိ အပန်းဖြေစခန်းတစ်ခု၏ ရွိုင်ရယ် မီသိုနီဟူသော ဟိုတယ်တစ်ခု၌ မိသားစု၊ မိတ်ဆွေများနှင့်အတူ ၁၀ ရက်ခန့် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဟိုတယ်သည် ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့ကဲ့သို့သော ထိပ်တန်းကြယ်ပွင့်များ တည်းခိုရာနေရာဖြစ်ပြီး ပါပါရာဇီသတင်းသမားတို့ရန်မှ လွတ်ကင်းကာ သီးခြားဆန်သည့် နေရာတစ်ခုဖြစ်သည်။

သို့တိုင်အောင် စီရော်နယ်ဒိုက ပင်လယ်ကမ်းခြေသို့ ထွက်ချိန်များတွင် သတင်းဓာတ်ပုံသမားများ၏ ရန်မှလွတ်ကင်းရန်အတွက် ဟိုတယ်ဝန်ထမ်းများ၏ အကူအညီကို ရယူလိုခဲ့သည်ဟုဆိုသည်။

ဟိုတယ်ကလည်း အထူးတာဝန်အနေဖြင့် ဟိုတယ်ဝန်ထမ်းများကို တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

သို့ဖြင့် အပန်းဖြေစခန်းမှ ပြန်လည်ထွက်ခွာချိန်တွင် စီရော်နယ်ဒိုက အလွန်များပြားလှသည့် ဘောက်ဆူးငွေ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဂရိအခြေစိုက် အားကစားသတင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Sportime.gr တွင် ဖော်ပြချက်အရ စီရော်နယ်ဒို၏ မိသားစုနှင့် မိတ်ဆွေများကို သတင်းသမားတို့ ရန်မှလွတ်ကင်းအောင် အကူအညီပေးခဲ့သော ဝန်ထမ်း ၁၀ ဦးမှာ တစ်ဦးလျှင် ယူရိုငွေ ၂၀၀၀ (မြန်မာငွေ ၃၄ သိန်းနီးပါး) ဝန်းကျင်စီရရှိခဲ့ကြကြောင်း ဖော်ပြထားသည်။

အဆိုပါအပန်းဖြေစခန်းက ၎င်းတို့၏ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာတွင် စီရော်နယ်ဒို၏ ဓာတ်ပုံတစ်ပုံကို လွှင့်တင်ခဲ့ပြီး “ခရစ္စတီယာနို ရော်နယ်ဒိုနှင့် သူ၏ မိသားစုကို စောင့်ရှောက်ခွင့်ရသည်မှာ ကျွန်ုပ်တို့အတွက် အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ပြီး ကြီးမားသည့် အတွေ့အကြုံတစ်ရပ်ဖြစ်ပါသည်” ဟု ဖော်ပြခဲ့သည်။

စီရော်နယ်ဒိုကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်၊ ၈ နှစ်အရွယ်သားငယ် ခရစ္စတီယာနို ဂျူနီယာတို့နှင့်အတူ ဂရိနိုင်ငံတွင် လှေစီးနေသည့် ဓာတ်ပုံတစ်ပုံကို လွှင့်တင်ခဲ့သည်။

ထို့အပြင် မိတ်ဆွေများနှင့် စားသောက်နေပုံ ဓာတ်ပုံတစ်ပုံကိုလည်း ..ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်များ..ဟုရေးကာ လွှင့်တင်ထားသေးသည်။

ရီးရဲမက်ဒရစ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ ခဲ့သည့်သတင်းကိုလည်း အဆိုပါ အပန်းဖြေခရီးအပြီးတွင် စီရော်နယ်ဒိုက အတည်ပြုခဲ့သည်။

သူ၏ အေးဂျင့်က ပြောကြားရာတွင် ဂျူဗင်တပ်သည် စီရော်နယ်ဒို၏ ကစားသမားဘဝအတွက် နောက်ဆုံးကလပ်အသင်း ဖြစ်လာမည်ဟု ပြောကြားထားသည်။

Cherie (Shweinnlay)

 

Be the first to comment

Leave a Reply

Your email address will not be published.


*