မကြာခဏ သွေးပေါင်ကျတတ်သူများအတွက် အိမ်လုပ်ဖျော်ရည်(၅)မျိုး

သွေးပေါင်ကျရခြင်းရဲ့ အကြောင်းအရင်းကတော့ များစွာရှိပါတယ်။ နေထိုင်သွားလာမှု၊ အစားအသောက်၊ စိတ်ဖိစီးမှု စတာတွေကြောင့် သွေးပေါင်ကျတတ်ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်က ၁၂၀/၈၀ ရှိရမှာပါ။ သွေးပေါင်ကျတဲ့အခါမှာ များသောအားဖြင့်တော့ အပေါ်သွေး ၉၀ ၊ အောက်သွေး ၆၀ လောက်ထိကျသွားတတ်ပါတယ်။ သွေးပေါင်ကျပြီဆိုတာနဲ့ ခေါင်းမူးမယ်၊ မအီမသာဖြစ်မယ်၊ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒါ့ကြောင့် မကြာခဏ သွေးပေါင်ကျတတ်တဲ့ သူတွေအနေနဲ့ သွေးပေါင်ချိန်ပုံမှန်ပြန်ဖြစ်လာအောင် နေထိုင်စားသောက်မှုပုံစံကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ အခုဖော်ပြပေးမယ့် သဘာဝဖျော်ရည်များကလည်း သွေးပေါင်ကျတဲ့သူတွေအတွက် သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် ထိန်းညှိပေးဖို့ အထောက်အကူပြုပါလိမ့်မယ်။

(၁) မုန်လာဥနီဖျော်ရည်

လိမ္မော်ရောင်အဆင်းရှိတဲ့ မုန်လာဥနီက ခန္ဓာကိုယ်တွင်းက သွေးလည်ပတ်မှုကို ပုံမှန်အတိုင်းဖြစ်စေပြီးတော့ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိများစွာ ပါဝင်ပါတယ်။ သွေးပေါင်ကျတဲ့အခါ မုန်လာဥနီအစိမ်းကို ဖျော်ရည်လုပ်သောက်ရင်ပဲဖြစ်ဖြစ်၊ အစိမ်းကြော်စားတာပဲဖြစ်ဖြစ်၊ မိမိကြိုက်နှစ်သက်သလို စားသုံးနိုင်ပါတယ်။ ဒါပေမယ့် မုန်လာဥနီဖျော်ရည်က ပိုပြီးတော့ အစွမ်းထက်ပါတယ်။ မုန်လာဥနီကို ဖန်ခွက်တစ်ခွက်စာရအောင် ကြိတ်ပါ။ အရည်ရရှိနိုင်ဖို့အတွက် ရေအနည်းငယ်ရောစပ်နိုင်ပါတယ်။ ပြီးရင်တော့ ပျားရည် စားပွဲတင်ဇွန်းနှစ်ဇွန်းခန့် ရောစပ်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ထမင်းမစားခင် သောက်သုံးပါ။ အကျိုးရလဒ်ကို ခဏအတွင်း ခံစားရမှာပါ။

(၂) သံပရိုရည်

သံပရိုသီးမှာပါဝင်တဲ့ ဓာတ်များက သွေးပေါင်ချိန်ပုံမှန်ဖြစ်စေတဲ့အတွက် ဆေးဖက်ဝင်အသီး တစ်မျိုးပါပဲ။ သံပရိုရည်က သွေးတိုးတဲ့သူတွေအတွက် သွေးပေါင်ကျစေတဲ့အပြင်၊ သွေးပေါင်ကျတဲ့ သူအတွက်လည်း သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ကြံရည်ထဲမှာ သံပရိုရည် စားပွဲတင်ဇွန်း နှစ်ဇွန်းလောက်ရောစပ်ပြီး သောက်သုံးပေးမယ်ဆိုရင် သွေးပေါင်ကျခြင်းဝေဒနာကို သက်သာစေပါတယ်။

(၃) ဗာဒံစေ့နွားနို့

ဒါကတော့ ရှေးစဉ်ဆက်ကတည်းက အသုံးပြုလာတဲ့ ဆေးဖက်ဝင်ဖျော်ရည်တစ်မျိုးပါပဲ။ ဗာဒံစေ့ ၅စေ့လောက်ကို ရေထဲ တစ်ညလောက်စိမ်ထားပါ။ ရေစိမ်ပြီးသားဗာဒံစေ့တွေကို အပေါ်ယံအခွံချွတ်ပြီး ကြိတ်လိုက်ပါ။ ရရှိလာတဲ့ ဗာဒံအနှစ်ကို နွားနို့ထဲရောစပ်ပြီး ကြိုချက်သောက်သုံးပေးနိုင်ပါတယ်။ မကြာခဏ သွေးပေါင်ကျတတ်တဲ့ သူတွေအနေနဲ့ မနက်တိုင်းသောက်သုံးသင့်တဲ့ ဖျော်ရည်တစ်မျိုးပါပဲ။

(၄) ဓာတ်ဆားရည်

ရေဓာတ်ခမ်းခြောက်ခြင်းကလည်း သွေးပေါင်ကျခြင်းကို ဖြစ်ပေါ်စေနိုင်တာကို သတိပြုသင့်ပါတယ်။ ဒါ့ကြောင့် ရေဓာတ်ကို အလျင်အမြန်ဖြည့်တင်းပေးနိုင်မယ့် ဓာတ်ဆားရည်ကို သောက်သုံးနိုင်ပါတယ်။ ဓာတ်ဆားရည်ကို အလွယ်တကူမရရှိနိုင်ဘူးဆိုရင်တော့ ရေတစ်ဖန်ခွက်ထဲကို စားပွဲတင်ဇွန်းတစ်ဝက်လောက် ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်လုပ်တဲ့ ဆားရည်ကိုတော့ သေချာချင့်ချိန်ပြီး ဖျော်စပ်ဖို့ လိုပါတယ်။ မဟုတ်ရင် ကျန်းမာရေးအတွက် ထိခိုက်နိုင်တဲ့ အတွက်ကြောင့်ပါ။

(၅) ကော်ဖီ

ကဖင်းဓာတ်ပါဝင်တဲ့ ခပ်ပြင်းပြင်ကော်ဖီ၊ ချောကလက်ဖျော်ရည်၊ ကိုလာ စတာတွေကလည်း သွေးပေါင်ကျတဲ့ သူတွေအတွက် သင့်တော်တဲ့ ဖျော်ရည်တွေပါ။ ဒါ့ကြောင့် သွေးပေါင်ကျတဲ့ဝေဒနာကို ခံစားနေရပြီဆိုရင် မနက်စာစားတိုင်း ကော်ဖီ၊ ဒါမှမဟုတ် ချောကလက်ပူပူတစ်ခွက်လောက် သောက်သုံးပေးပါ။ ဒါပေမယ့် ကြာရှည်စွဲမြဲစွာ သောက်သုံးမယ်ဆိုရင်တော့ ဆိုးကျိုးများ ဖြစ်ပေါ်နိုင်တာကို သတိပြုပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*