ပရီးမီးယားလိဂ်ပွဲစဉ်များအွန်လိုင်း တိုက်ရိုက်ပြသခွင့်အတွက် အပြိုင်ကြိုးစားနေတဲ့ facebook နဲ့ Amazon

Facebook အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များကို အွန်လိုင်းကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန် Amazon နှင့်အပြိုင် ကြိုးပမ်းနေကြောင်းသိရှိရပါတယ်။ Amazon နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီအကြားတွင် အကြိုသဘောတူညီမှုများ ရထားသော်လည်း အပြီးသတ်စာချုပ်ချုပ်ဆိုခြင်း မရှိသေးသရွေ့ ၎င်းတို့အနေနှင့် ဆက်လက်ကြိုးပမ်းနေဦးမည် ဖြစ်ကြောင်း facebook ကအသိပေးချက်ထုတ်ပြန်ထားပါတယ်။

Facebook နဲ့  Amazon တို့ဟာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၃နှစ် သက်တမ်းရှိမည့် ရုပ်သံလွှင့်စာချုပ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက တင်ဒါခေါ်ယူခဲ့စဉ်ကတည်းက အွန်လိုင်းကတစ်ဆင့် ပရီးမီးယားလိဂ်ပွဲစဉ်များ တိုက်ရိုက်ပြသခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ ဆက်သွယ်စုံစမ်းခဲ့ဖူးပြီး ၎င်းတို့အနေနှင့် ရုပ်သံလွှင့်မူပိုင်ခွင့်ရရှိထားသော BSkyB နှင့် BT ရုပ်သံတို့ထံမှနေ၍ တစ်ဆင့်ခံမူပိုင်ခွင့် ပြန်လည်ဝယ်ယူကာ ပြသမည့်နည်းလမ်းကိုလည်း ထည့်သွင်းစဉ်းစားနေကြောင်းလည်း facebook ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

အွန်လိုင်းကတစ်ဆင့် ပရီးမီးယားလိဂ်ပွဲစဉ်များ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ကို facebook နှင့် Amazon တို့ကို သာ ခွဲခြားရောင်းချပေးလိုက်နိုင်မည်ဆိုပါက ဘီလျံချီသည့် ရုပ်သံလွှင့်ခကို ပရီးမီးယားလိဂ်က ထပ်မံရရှိလာတော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီအနေနဲ့ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရုပ်သံလွှင့်မူပိုင်ခွင့်စာချုပ်ကို BSkyB နှင့် BT ရုပ်သံတို့ထံ ရောင်းချခဲ့ရာတွင် ရုပ်သံလွှင့်ခ အကျိုးခံစားခွင့်အဖြစ် ပေါင် ၈ ဒသမ ၄ ဘီလျံအထိ ရရှိထားပါတယ်။

Facebook ရဲ့ပြောကြားချက်အရ လစဉ်၂ဘီလီယမ်ရှိတဲ့ သုံးစွဲသူတွေထဲကမှ ၆၅၀မီလီယမ်လောက်ဟာ အားကစားနဲ့ပတ်သတ်တာကိုနှစ်ခြိုက်သူတွေဖြစ်နေတာကြောင့် လည်း ပရီးမီယားအွန်လိုင်းရုပ်သံထုတ်လွှင့်ခွင့်ကိုသာ ရမယ်ဆိုရင် သုံးစွဲသူအင်အားပိုများပြားလာပြီး အွန်လိုင်းကြော်ငြာလုပ်ငန်းကလည်း ဝင်ငွေပိုကောင်းလာဖို့ရှိတယ်လို့ဆိုပါတယ်။

2004ခုနှစ်ကစတင်ခဲ့တဲ့ facebook အနေနဲ့လက်ရှိအချိန်မှာ ကမ္ဘာ့လူကြိုက်အများဆုံး လူမှုကွန်ရက်ပလက်ဖောင်းအနေနဲ့ ရပ်တည်လျက်ရှိပြီး အွန်လိုင်းကြော်ငြာလုပ်ငန်းတခုတည်းကနေ ဝင်ငွေ ပေါင်၂၀ဘီလီယမ်အထိရရှိထားပါတယ်။

 

ကျော်ကျော်(ရွေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*