ရေခဲသေတ္တာထဲကထွက်တဲ့ အနံ့ဆိုးတွေကို ဘယ်လိုဖယ်ရှားမလဲ

ပုပ်သိုးလွယ်တဲ့ ၊ မကောင်းတဲ့ အသီးအနှံ၊အသားငါးနှင့် အခြားသောစားသောက်ဖွယ်ရာများကို ရေခဲသေတ္တာထဲမှာ ကြာကြာထားမိတဲ့အခါ အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ အနံ့အသက်ပြင်းတဲ့ တချို့ စားသောက်ဖွယ်ရာများဆိုလျှင်လည်း ရေခဲသေတ္တာထဲထည့်မိလျှင် အနံ့တွေ စွဲကျန်ခဲ့ပါတယ်။ ရေခဲသေတ္တာထဲကထွက်တဲ့ အနံ့ဆိုးတွေဟာ စားချင်၊သောက်ချင်စိတ်ပျောက်တဲ့အထိကို ဆိုးရွားပါတယ်။ တော်ရုံသန့်ရှင်းရေးလုပ်ရုံနှင့်လည်း ပျောက်မသွားပါဘူး။ ဒါ့ကြောင့် အနံ့ဆိုးတွေကို တိုက်ထုတ်နိုင်မယ့် နည်းလမ်းတချို့ကို ရှာဖွေဖော်ထုတ်ပေးလိုက်ပါတယ်။

၁။အစအဆုံးသန့်ရှင်းရေးလုပ်ပါ။

ဒါကတော့ အရိုးရှင်းဆုံးနည်းလမ်းပါပဲ။ ရေခဲသေတ္တာအတွင်းရှိ ပစ္စည်းအားလုံးကိုထုတ်ပြီး ရေခဲသေတ္တာမှ ဖြုတ်တပ်လို့ရတဲ့အစိတ်အပိုင်းတွေကိုပါ ရေဆေး၊သန့်ရှင်းရေးလုပ်ပါ။ ရေခဲသေတ္တာတစ်ခုလုံးကိုလည်း အဝတ်သန့်သန့်ဖြင့် ပွတ်တိုက်ပါ။ နှံ့စပ်အောင်သန့်ရှင်းပြီးလျှင် ဖြုတ်ထားသော အစိတ်အပိုင်းများကို ပြန်တပ် ၊ စားသောက်ဖွယ်ရာများ ပြန်ထည့်ပါ။ သန့်ရှင်းရေးလုပ်နေစဉ်မှာ မီးပလပ်ဖြုတ်ထားဖို့ကိုလည်း မမေ့ပါနှင့်။ အစားအစာ၊ပစ္စည်းများအားလုံးပြန်ထည့်ပြီးလျှင်တော့ မီးပြန်ဖွင့်ပြီးထားလိုက်ပါ။

၂။သန့်စင်ရည်သုံးပါ။

ဈေးကွက်ထဲမှာတော့ ရွေးချယ်စရာ သန့်စင်ရည်တွေ များနေပါလိမ့်မယ်။ ကံကောင်းစွာပင် သဘာဝအတိုင်းရရှိနိုင်မယ့် သန့်စင်ရည်ကို ကိုယ်တိုင်ပြုလုပ်လို့ရပါတယ်။ Baking Soda မှုန့်ကို လက်ဖက်ရည်ဇွန်း၂ဇွန်း၊၃ဇွန်းစာခန့် ထည့်ပါ။ ပြီးနောက် ရေနွေးနွေးကို ဆိုဒါမှုန့် မြုပ်ရုံထည့်ပြီး မွှေပါ။ ထို့နောက်တွင် ရှာလကာရည် နှင့် ရေကို တစ်ဝက်စီ အချိုးကျထည့်မွှေကာ ပေါင်းစပ်လိုက်ပါ။ ထိုသန့်စင်ရည်ဖြင့် ဆေးကြောပါက အနံ့အသက်များ ကင်းသွားရုံမက ရေခဲသေတ္တာကိုပါ ပြောင်လက်လာစေပါတယ်။

၃။Baking Soda မှုန့်ဘူးကို ထည့်ထားပါ။

ဒီနည်းလမ်းဟာ လူသိများပြီး အသုံးတွင်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဆိုဒါမှုန့်ဘူးကို အဖုံးဖွင့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားခြင်းက မကောင်းတဲ့အနံ့အသက်တွေကို စုပ်ယူပေးနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ့်အိမ်က ရေခဲသေတ္တာ အနံ့မထွက်အောင် ဒီနည်းလမ်းနဲ့ ကြိုကာကွယ်ထားလို့ ရပါတယ်နော်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*