အလျင်မြန်ဆုံးခေါင်းကိုက်၊ မျက်ရိုးကိုက်သက်သာစေမယ့်နည်းလမ်း

မျက်ခုံးတစ်ဝိုက်၊ မျက်ခမ်းတစ်ဝိုက်နဲ့ မျက်ရိုးတစ်လျှောက်ကိုက်တာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အထူးသဖြင့် အာရုံကြောအားနည်းတဲ့သူတွေ အဖြစ်များပါတယ်။ စိတ်ဖိစီးမှုများပြီး ကိုယ်ခံအားနည်းချိန်မှာလည်း မျက်ရိုးတစ်ကြော တဆစ်ဆစ်ကိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ကွန်ပျူတာနဲ့နေ့စဉ်အလုပ်လုပ် နေရသူတွေလည်း မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်တတ်တာကြောင့် သက်သာစေမယ့် နည်းလမ်းကောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) မျက်ရိုးတစ်ဝိုက်နှိပ်နယ်ပေးပါ

သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး နဖူး၊ နားထင်နဲ့မျက်ရိုးတစ်လျှောက်သုတ်လိမ်းပေးပြီး လက်မ၊ လက်ညိုးကိုအသုံးပြုပြီး ညင်သာစွာနှိပ်နယ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့အတွက် နေ့စဉ်၁၀မိနစ်ခန့် massage ပြုလုပ်ပေးသင့်ပါတယ်နော်။

(၂) တေးဂီတနားဆင်ပါ

လေ့လာဆန်းစစ်ချက်အရ သီချင်းသီဆိုခြင်းနဲ့ သီးချင်းနားထောင်ခြင်းက စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်တဲ့အပြင် ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို တစ်နာရီခန့်သီချင်းဆိုတာက ခေါင်းကိုက်ခြင်းနဲ့ စိတ်ဖိစီးမှုများကို ဖြေလျော့ပေးနိုင်တဲ့ နည်းလမ်းကောင်းလေးပါပဲ။

(၃) ရေနွေးငွေ့ရှူပြီးကုသနည်း

ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို မိမိကြိုက်နှစ်သက်ရာအမွှေးဆီ ဒါမှမဟုတ် Rose Water နည်းနည်းခပ်လိုက်ပါ။ အမွှေးနံ့သာမကြိုက်ဘူးဆိုရင် ထည့်စရာမလိုပါဘူးနော်။ ဇလုံထဲကရေငွေ့ကို တဘတ်လေးနဲ့ခေါင်းကိုအုပ်ပြီး ရှူရှိုက်ပေးပါ။ ရေနွေးငွေ့က အသက်ရှူလမ်းကြောင်းကို ပွင့်စေတာကြောင့် ခေါင်းကိုက်သက်သာစေတာကို တွေ့ရမှာပါ။ ၂နာရီခြားတစ်ကြိမ်စီလောက် မိနစ်အနည်းငယ်စီ ပြုလုပ်လို့ရပါတယ်နော်။

(၄) ရေဓာတ်ဖြည့်တင်းပေးပါ

ရေဓာတ်ခမ်းခြောက်မှုကြောင့်လည်း မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းဖြစ်တတ်ပါတယ်။ ဆီးသွားတဲ့အခါမှာ ဆီးအရောင်ကိုကြည့်လိုက်ပါ။ ဆီးဝါနေတာမျိုးဖြစ်နေရင်တော့ ရေဓာတ်ခမ်းခြောက်နေတာပါ။ ခန္ဓာကိုယ်တွင်းက လိုအပ်တဲ့ရေဓာတ်အလုံအလောက်မရှိရင် ခေါင်းကိုက်၊ မျက်ရိုးကိုက်ပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

(၅) ရေနွေးငွေ့စက်ကိုအိပ်ရာခန်းတွင်းထည့်ထားပါ

အိပ်ခန်းတွင်းက ခြောက်သွေ့ထိုင်းမှိုင်းနေခြင်းကြောင့် ခေါင်းကိုက်ပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ရေနွေးငွေ့စက်ကို အိပ်ရာခန်းတွင်းထားပြီး အိပ်မယ်ဆိုရင် အခန်းတွင်းအစိုဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ခေါင်းကိုက်သက်သာစေမှာပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*