ဂျပန်လူမျိုးများရဲ့ ကျန်းမာရေးလိုက်စားမှုလျှို့ဝှက်ချက်များ

ဂျပန်လူမျိုးတွေက သက်ရှည်ကျန်းမာကြတာကို သိရှိပြီးသားဖြစ်မှာပါနော်။ ဒါ့ကြောင့်လည်း ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်းများစွာရှိတဲ့အထဲကမှ ဂျပန်နိုင်ငံက အသက်ရာကျော်သက်ကြီးရွယ်အိုတွေ အများဆုံးရှိတဲ့နိုင်ငံလို့ ဆိုနိုင်ပါတယ်။ ဂျပန်လူမျိုးတွေဟာ ဘာ့ကြောင့် အသက်ရှည်ကျန်းမာရသလဲဆိုတာကို လေ့လာကြည့်တဲ့အခါမှာတော့ ဂျပန်လူမျိုးများက အစားအသောက်ပိုင်းဆိုင်ရာကို အထူးဂရုပြုစားသုံးကြတယ်လို့ သိရပါတယ်။ ဘယ်လိုအစားအစာတွေကို စားသုံးလို့ သက်ရှည်ကျန်းမာရသလဲဆိုတာကို အခုပဲဖော်ပြပေးလိုက်ပါတယ်နော်။

(၁) လက်ဖက်ရည်ကြမ်းသောက်သုံးခြင်း

ဂျပန်လူမျိုးများ အားထားရာသဘာဝဆေးကောင်းတစ်ခွက်လို့ ဆိုလို့ရပါတယ်။ လက်ဖက်ရည်ကြမ်းက Antioxidants ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်များကို ကောင်းမွန်စေတာကြောင့် နေ့စဉ်သောက်သုံးသင့်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေမှာဆိုရင် လက်ဖက်ရည်ကြမ်းကို သောက်သုံးကြတာကလည်း ဓလေ့တစ်ခုလို့ ဆိုပါတယ်။ လက်ဖက်ရည်ကြမ်းက ဂျပန်လူမျိုးများ သက်ရှည်ကျန်းမာခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။

(၂) ပင်လယ်စာများကို သင့်တင့်မျှတစွာစားသုံးတတ်ခြင်း

ပင်လယ်စာများကို စားသုံးမှုအများဆုံးနိုင်ငံလို့ ပြောရလောက်အောင်ကို ဂျပန်လူမျိုးများက ပင်လယ်စာများကို နှစ်ခြိုက်ကြတာကို တွေ့ရပါတယ်။ အမဲသား၊ ဝက်သားတွေအစား ပင်လယ်စာကို ပိုမိုစားသုံးကြပါတယ်။ အထူးသဖြင့် တူနာငါး၊ ဆယ်လ်မွန်ငါးစတာတွေက ဂျပန်နိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံး ပင်လယ်စာတွေဖြစ်ကြောင်း သိရပါတယ်။ တူနာငါး၊ ဆယ်လ်မွန်ငါးတွေက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတာကို အားလုံးသိရှိပြီးသားဖြစ်မှာပါ။ ဂျပန်လူမျိုးများနည်းတူ သက်ရှည်ကျန်းမာလှပချင်တယ်ဆိုရင်တော့ ပင်လယ်စာကို သင့်တင့်မျှတစွာစားသုံးတတ်ဖို့ လိုအပ်ပါတယ်နော်။

(၃) ဟင်းသီးဟင်းရွက်များကို အချဉ်ဖောက်စားသုံးခြင်း

မုန်ညင်း၊ အသီးအရွက် စတာတွေကို အချဉ်ဖောက်ပြီးစားသုံးခြင်ကလည်း ဂျပန်လူမျိုးများရဲ့ အလေ့အကျင့်တစ်ခုပါ။ ဟင်းသီးဟင်းရွက်တွေကို အချဉ်ဖောက်လိုက်တဲ့အခါမှာ ထွက်ရှိလာတဲ့ အာဟာရဓာတ်များနဲ့ လက်တစ်အက်ဆစ်၊ Omega-3 Fatty Acid၊ ဗီတာမင်ဘီဓာတ်များက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတာကို တွေ့ရပါတယ်။ ဒါ့အပြင် အချဉ်ဖောက်ထားတဲ့အတွက် အစာချေလမ်းကြောင်းကို သန့်ရှင်းကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပေးနိုင်တာကြောင့် ဂျပန်လူမျိုးများ စားသုံးနေကြခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဂျပန်လူမျိုးများ ရောဂါကင်းပြီး သက်ရှည်လှပနေရတာပါနော်။

(၄) ချက်ပြုတ်နည်းမှန်ကန်ခြင်း

အစားအသောက်များကို အာဟာရမပျက်ယွင်းစေဘဲ ချက်ပြုတ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ချက်နည်းပြုတ်နည်းမှန်ကန်မှ ကျန်းမာသန့်ရှင်းတဲ့ အစားအသောက်ကိုရရှိနိုင်မှာပါ။ ဂျပန်လူမျိုးများက အစားအသောက်များကို ချက်ပြုတ်တဲ့အခါမှာ ပြုတ်စားတာ၊ ပေါင်းစားတာက ပိုများတာကို တွေ့ရပါတယ်။ ဆီကိုလည်း အနည်းငယ်သာအသုံးပြုပြီး ကင်တာ၊ ပိုးများသေအောင် မီးအပူပေးတဲ့သဘောမျိုးသာ ချက်ပြုတ်စားသောက်ကြပါတယ်။ ဒါ့ကြောင့် ဂျပန်လူမျိုးများဟာဆိုရင် ကျန်းမာသန့်ရှင်းတဲ့ အစားအသောက်များ ပြင်ဆင်ချက်ပြုတ်တတ်ခြင်းကလည်း သက်ရှည်ကျန်းမာခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

 နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*