မိမိအသားအရေနဲ့သင့်တော်မယ့် နေလောင်ခံခရင်မ်(Sun Cream)ကို မှန်မှန်ကန်ကန်ရွေးချယ်နည်း

နွေရာသီရောက်လာပြီ ဆိုတော့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့တော့ လိုနေပါပြီ။ ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းက အသားအရေ ပျက်စီးခြင်းရဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ပါပဲ။ ဒါ့ကြောင့် နေရောင်ခြည်ဒဏ်က ကာကွယ်ဖို့အတွက် နေလောင်ခံခရင်မ် sun cream ကို အသုံးပြုဖို့တော့ လိုနေပါပြီ။ ဒါပေမယ့် နေလောင်ဒဏ်ခံခရင်မ်တွေကို ရွေးချယ်တဲ့အခါမှာလည်း ကိုယ့်အသားအရေနဲ့လိုက်လိုက်ဖက်မှု ရှိပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ sun cream ကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အညွန်းမှာ Full Spectrum or Broad Spectrum ပါဝင်မှုကို စစ်ဆေးပါ

နေလောင်ခံခရင်မ် ဝယ်တော့မယ်ဆိုရင် အညွန်းကို သေချာဖတ်ဖို့ လိုပါမယ်နော်။ နေလောင်ဒဏ်ခရင်မ် တော်တော်များများက ခရမ်းလွန်ရောင်ခြည်အေနဲ့ ဘီနှစ်မျိုး စလုံးကို ကာကွယ်မှု မပေးနိုင်ပါဘူး။ ခရမ်းလွန်ရောင်ခြည် ဘီကိုသာ ကာကွယ်ပေးနိုင်ပါတယ်။ အမှန်တကယ်တော့ ခရမ်းလွန်ရောင်ခြည်အေ၊ ဘီနှစ်မျိုးစလုံးက အသားအရေကို ပျက်စီးစေနိုင်ပြီး အရေပြားကင်ဆာဖြစ်ပွားတဲ့အထိကို ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် နေလောင်ခရင်မ် ဝယ်ပြီဆိုတာနဲ့ အညွန်းမှာ Full Spectrum ဒါမှမဟုတ် Broad Sepctrum ပါဝင်တဲ့ sun cream ကိုသာ ရွေးချယ်ဝယ်ယူလိုက်ပါ။

(၂) SPF 30 နှင့်အထက်ပါတာကို ရွေးချယ်ပါ

ခရမ်းလွန်ရောင်ခြည်ကို လောင်ကျွမ်းသွားစေနိုင်တဲ့ SPF ပါဝင်မှုနှုန်းမြင့်တာကို ရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။ SPF နံပါတ်က UVB ဘယ်နှစ်ဆ ကာကွယ်ပေးနိုင်လဲ ဆိုတာကို ဖော်ပြပေး  ပါတယ်။ SPF 15 ပါဝင်တဲ့ နေလောင်ခံခရင်မ်တွေက UVB ၉၃ရာခိုင်နှုန်းခန့်သာ ကာကွယ် ပေးနိုင်တဲ့အတွက် အသားအရေပျက်စီးခြင်းမှ အပြည့်အဝ အကာအကွယ် မပေးနိုင်ပါဘူး။ ဒါ့ကြောင့် UVB ၉၇ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ နေလောင်ခရင်မ် SPF 30 ပါဝင်တာကို ရွေးချယ်လိုက်ပါ။

(၃) ရေစိုခံနေလောင်ခရင်မ်ကိုရွေးချယ်ပါ

ရေစိုခံနေလောင်ခရင်မ်က ရေစိုချိန် မိနစ်၄၀ မှ တစ်နာရီခွဲလောက်ထိကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနိုင်ဖို့ အကျိုးအာနိသင်လုံးဝ ပျက်ပြယ်သွားခြင်း မရှိပါဘူး။ ဒါပေမယ့် နေရောင်ခြည်နဲ့ နာရီပေါင်းများစွာ တိုက်ရိုက်ထိတွေ့နေရသူအဖို့တော့ နေလောင်ဒဏ်ခရင်မ်ကို နှစ်နာရီခြားတစ်ကြိမ် လိမ်းပေးဖို့တော့ လိုပါမယ်နော်။

(၄) အသားအရေအလိုက် နေလောင်ခံခရင်မ်ရွေးချယ်နည်း

ကလေးတွေအတွက် နေလောင်ခံခရင်မ်ကိုရွေးချယ်တဲ့အခါမှာ လူကြီးတွေသုံးသလိုမျိုး မရွေးချယ်ပါနဲ့။ ကလေးငယ်တွေက အသားအရေနုတဲ့အတွက် ပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် အညွန်းသေချာဖတ်ပြီး ကလေးသုံးနေလောင်ခရင်မ်ကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဝက်ခြံထွက်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ အစိုဓာတ်များတာကို မရွေးချယ်ပါနဲ့။ အသားအရေခြောက်သွေ့သူ ဆိုရင်တော့ Moisturizer ပါဝင်ပြီး အစိုဓာတ်ထိန်းပေးမယ့် ခရင်မ်မျိုးကို အသုံးပြုနိုင်ပါတယ်။ အသားညိုတယ်ဆိုပြီးတော့လည်း နေလောင်ခံခရင်မ်လိမ်းစရာမလိုဘူးလို့ မထင်လိုက်ပါနဲ့နော်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် ခရင်မ်ကိုသာ ရွေးချယ်အသုံးပြုလိုက်ပါ။ အသက်အရွယ်ကြီးတဲ့သူတွေအနေနဲ့ကတော့ နေလောင်ဒဏ်ခံစပရေးကို အလွယ်တကူအသုံးပြု နိုင်ပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*