ကိုယ့်ရဲ့ချစ်သူနဲ့ သူငယ်ချင်းကြားက မပြေလည်တဲ့ဆက်ဆံရေးကို ဘယ်လိုနည်းနဲ့ဖြေရှင်းမလဲ

ခိုင်မြဲတဲ့ happy relationship တစ်ခုကိုတည်ဆောက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခက်အခဲအမျိုးမျိုးကို ခံနိုင်ရည်ရှိစွာကျော်ဖြတ်နိုင်မယ့် သတ္တိရှိဖို့ကတော့ အဓိကအရေးကြီးဆုံး အချက်ပါပဲ။ မိုက်ရူးရဲဆန်တဲ့ သတ္တိမျိုးမဖြစ်ဖို့တော့ လိုပါမယ်။ ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက်  အပြန်အလှန် ဘယ်လောက်ပဲ နားလည်မှုရှိနေပါစေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ အဆင်ပြေဖို့ကို ညှိယူတတ်ဖို့လည်း လိုပါသေးတယ်။ နှစ်ယောက်ထဲကမ္ဘာ တည်ဆောက်မယ်၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးလို့ ကြွေးကြော်နေရုံနဲ့ Happy Relationship ဖြစ်မလာနိုင်ပါဘူး။  ဒီတော့… သူနဲ့ကိုယ့်ရဲ့ အပေါင်းအသင်း၊ အသိုင်းအဝိုင်းချင်း ပြေလည်ဖို့အတွက် အချိန်ယူပြီး ညှိယူဖို့လိုနေပါပြီ။ ချစ်သူကလည်း ကိုယ့်အတွက် အသက်ထက်မက အရေးကြီးသလိုဘဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ အပေါင်းအသင်း၊ သူငယ်ချင်းဆိုတာကလည်း ကိုယ့်ဘဝရဲ့တစ်စိတ် တစ်ပိုင်းအရေးပါတယ်ဆိုတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် ကိုယ့်ရဲ့သူငယ်ချင်းနဲ့ ချစ်သူအကြားက မပြေလည်တဲ့ ဆက်ဆံရေးကို ဘယ်လိုနည်းနဲ့ ဖြေရှင်းရမလဲဆိုတဲ့အကြောင်းကို အကြံပြုရေးသားလိုက်ရပါတယ်။

(၁) ကျေးဇူးတင်တဲ့အကြောင်းပြောပါ

သူငယ်ချင်းတွေက ဘာလို့ သူနဲ့သဘောမတူတာလဲ ဆိုပြီး အပြစ်တင်မစောပါနဲ့အုံး။ အရင်ဦးဆုံး ကျေးဇူးတင်စကားသာ ဆိုလိုက်ပါ။ ဘယ်လောက်ပဲ သင့်တို့ရဲ့ချစ်ခြင်းကို ခွဲဖို့ကြိုးစားနေတယ်ဆိုပေမယ့် သင့်ကိုစိတ်ပူပြီး တားတယ်၊ အကြံပေးတဲ့အတွက်ကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကို ပြောပြလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းက သင့်ရဲ့အကောင်းမြင်စိတ်နဲ့ သူငယ်ချင်းအပေါ်ချစ်တဲ့စိတ် မပျောက်ပျက်သွားဘူး ဆိုတာကို ပြသဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ပြီးမှ ဘာလို့သဘောမတူတာလဲဆိုတာတွေကို မေးမြန်းပြီး ပြေလည်မှုရအောင် ပြဿနာကို ဖြေရှင်းလိုက်ပါ။

(၂) သူတို့ရဲ့အကြံပြုချက်တွေကို သေချာနားထောင်ပေးလိုက်ပါ

သင်နဲ့သင့်ချစ်သူကို သဘောမတူရတဲ့  အကြောင်းအရင်းတစ်ခုခုကတော့ ရှိနေမှာအသေအချာပါပဲ။ ဒါ့ကြောင့်မို့လို့ သူတို့ပြောချင်တဲ့စကား၊ သင့်ချစ်သူအပေါ် သူတို့ရဲ့အမြင်နဲ့ အကြံပြုချက်တွေကို လေးလေးနက်နက်နားထောင်ပေးလိုက်ပါ။ သူအထင်လွဲနေတဲ့ အချက်တွေကိုလည်း ရှင်းပြပိုင်ခွင့်ရတဲ့အပြင် သူငယ်ချင်းအပေါ်ကို သင်ဘယ်လောက် အလေးထားတယ်ဆိုတာကိုပြသလိုက်ပါ။

(၃) အားပေးနှစ်သိမ့်မှုလိုအပ်တဲ့အကြောင်းကိုပြောပြပါ

ချစ်သူနဲ့အဆင်ပြေဖို့အတွက် သူငယ်ချင်းတွေရဲ့ ကူညီဖေးမမှု၊ နှစ်သိမ့်အားပေးမှုတွေ အများကြီး လိုအပ်တယ်ဆိုတဲ့အကြောင်းကို နားလည်အောင်ရှင်းပြပါ။ သင့်ရဲ့ရွေးချယ်မှု၊ ဆုံးဖြတ်ချက်တွေကို ပိုမိုခိုင်မာစေဖို့အတွက် ဘေးကနေ ယုံယုံကြည်ကြည်နဲ့ support လုပ်ပေးဖို့ ပြောပါ။ သင့်ရဲ့အချစ်ခရီးလမ်းကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းဖို့အတွက် အားပေးမယ့် သူငယ်ချင်းတွေ အနားရှိနေမှ အဆင်ပြေမယ်ဆိုတဲ့အကြောင်းကို သေချာရှင်းပြဖို့ လိုပါတယ်။

(၄) သင့်ချစ်သူနဲ့ သူငယ်ချင်းတွေကို ပိုမိုရင်းနှီးမှုရအောင်ပြုလုပ်ပါ

ရင်းနှီးမှုရအောင် မကြာခဏ မိတ်ဆက်ပေးတာ၊ ပျော်ပွဲရွှင်ပွဲတွေမှာ အတူတကွပျော်ပါးတာမျိုး ပြုလုပ်ပြီး သူငယ်ချင်းတွေနဲ့ ရင်းနှီးမှုရအောင်ဖန်တီးယူပါ။ ဒါမှမဟုတ် ပရဟိတလုပ်ငန်းတွေ အတူတကွပြုလုပ်ပြီး သင်ရွေးချယ်ထားတဲ့ ချစ်သူက လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်ပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*