Latest post

မိတ်ကပ်ကွက်ပြီး အလှမပျက်စေဖို့

ပူပြင်းလွန်းတဲ့နေရောင်ဒဏ်ကြောင့် မိတ်ကပ်တွေဘယ်လောက်ပဲလိမ်းလိမ်း ချွေးတွေနဲ့ကွက်သွားပြီး ကြာလာတာနဲ့အမျှ မျက်နှာကမည်းမည်းပြာပြာကြီး ဖြစ်သွားတတ်တာကို သတိပြုမိကြမယ်ထင်ပါတယ်။ မိတ်ကပ်ကွက်တာဟာ ကိုယ်အသုံးပြုလိုက်တဲ့ မိတ်ကပ်ဘရန်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာ သတိမမူမိလိုက်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်များကို မေ့လျော့နေတာကြောင့် နေပူပူထဲမှာ အလှပျက်ရတာပါ။ ဒါ့ကြောင့် နေပူပူထဲမှာ အလှမပျက်ချင်ဘူးဆိုရင် အခုဖော်ပြပေးမယ့် အချက်လေးတွေကို ဆင်ခြင်ကြည့်ဖို့တော့ လိုပါမယ်နော်။

(၁) တစ်ရှူးစနဲ့ ပွတ်တိုက်မဆွဲပါနဲ့

နေပူကြီးထဲမှာ ချွေးတလုံးလုံးနဲ့မို့လို့ မျက်နှာပေါ်က ချွေးစတွေကို တစ်ရှူးနဲ့အားရပါးရ ဆွဲသုတ်ပစ်လိုက်ကြတယ်မလား။ ဒါကိုက မှားယွင်းနေတဲ့ လုပ်ရပ်တစ်ခုပါပဲ။ တစ်ရှူးစလေးကို သေသေသပ်သပ်ခေါက်လိုက်ပြီး မျက်နှာပြင်ပေါ်က ချွေးကိုခပ်ဖွဖွလေးဖိသုတ်ပေးတာက ပြင်ဆင်ခြယ်သထားတဲ့ မိတ်ကပ်တွေကို တစ်နေ့လုံး ထိန်းသိမ်းပေးနိုင်မှာပါနော်။

(၂) SPF ပါဝင်တဲ့ မိတ်ကပ်ကိုရွေးချယ်ပါ

နေပူဒဏ်ကြောင့် ပျက်စီးသွားတဲ့အသားအရေက ကုသဖို့ခဲယဉ်းလှပါတယ်။ နေလောင်ကွက်အနီရောင်ကနေ အမည်းရောင်ပြောင်းသွားပြီး တင်းတိတ်စွဲသွားတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ မိတ်ကပ်ကိုရွေးချယ်တဲ့အခါမှာ နေလောင်ဒဏ်ကိုကာကွယ်ပေးတဲ့ SPF (sun protection factor) ပါဝင်တဲ့ မိတ်ကပ်ကောင်းကောင်းလေးကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ နေလောင်ဒဏ်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ သူဆိုရင်တော့ အပြင်သွားတဲ့အခါတိုင်း နေလောင်ခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။

(၃) မိတ်ကပ်ကိုခပ်ပါးပါးပဲလိမ်းပါ

ပူပြင်းအိုက်စပ်တဲ့ နေပူဒဏ်ကြောင့် အဆီတဝင်းဝင်း မျက်နှာပိုင်ရှင်မဖြစ်ရလေအောင် မိတ်ကပ်ကိုခပ်ပါးပါးလေးပဲ လိမ်းသင့်ပါတယ်။ မိတ်ကပ်ထူထူလိမ်းပြီး နေလောင်ဒဏ်ခံရမယ်ဆိုရင် အသားအရေနီမြန်းလာခြင်း၊ ချွေးပေါက်များပိတ်ပြီး ယားယံခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဆားဝက်ခြံများထွက်ပေါ်လာခြင်း စတဲ့ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက ဒီအချက်ကို ပိုလို့ သတိပြုသင့်ပါတယ်။ Oil free မိတ်ကပ်၊ ပေါင်ဒါကိုသာ ရွေးချယ်လိုက်ပါနော်။

(၄) အရောင်နုနုလေးတွေရွေးသုံးပါ

အရောင်ရင့်ရင့် မိတ်ကပ်ပြင်ဆင်ခြယ်သမှုမျိုးက အခုလိုပူအိုက်နေတဲ့ ရာသီဥတုနဲ့ မသင့်တော်ပါဘူး။ အရောင်နုနုလေးတွေကိုပဲ အသုံးပြုလိမ်းခြယ်သွားမယ်ဆိုရင် သဘာဝဆန်ဆန်နဲ့ ကြည့်ကောင်းစေမှာပါ။ Eyeliner ကိုခပ်ပါးပါးတစ်ကြောင်းဆွဲလိုက်တာမျိုး၊ eyeshadow ကိုအရောင်စုံ၊ ကာလာစုံမလိမ်းခြယ်ဘဲ Mascara လေးကိုပဲအသုံးပြုလိုက်မယ်ဆိုရင် ရွှန်းစိုလှပတဲ့ သဘာဝမျက်ဝန်းတစ်စုံကို ရရှိနိုင်ပါပြီ။

(၅) မျက်နှာဖြန်း spray အသုံးပြုနိုင်ပါတယ်

နေလောင်ဒဏ်အခံရဆုံးအစိတ်အပိုင်းတွေကတော့ မျက်နှာ၊ လည်ပင်းနဲ့ ဆံပင်ပါပဲ။ ဒါ့ကြောင့် မျက်နှာနဲ့လည်ပင်း အေးမြသွားစေဖို့ မျက်နှာဖြန်း spray ကိုအသုံးပြုပေးပါနော်။ spray ဖြန်းပေးရင် လိမ်းထားတဲ့ မိတ်ကပ်များကို တာရှည်ခံစေသလို၊ လန်းဆန်းအေးမြမှုကိုလည်း ပေးစွမ်းနိုင်မှာပါနော်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*