နှုတ်ခမ်းနီကို သဘာဝသစ်သီးများနဲ့ အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းကောင်း

နှုတ်ခမ်းနီက မိန်းကလေး  တစ်ယောက် အတွက် မရှိမဖြစ် အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ မိတ်ကပ်ပြင်ဆင်  ခြယ်သတဲ့ အခါမှာ နှုတ်ခမ်းနီ မပါဘူးဆိုရင် ပြီးပြည့်စုံတဲ့ မိတ်ကပ်ပြင်ခြယ်သမှုလို့ မခေါ်ပါဘူး။ နှုတ်ခမ်းနီဆိုတဲ့အခါမှာလည်း နှုတ်ခမ်းသားခြောက်သွေ့ ကွဲအက်ပြီး ညိုမည်းခြင်း မရှိရလေအောင် ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ နှုတ်ခမ်းအဆီဆိုးပြီးမှ ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီကို အပေါ်ကထပ်ဆိုးတာက အကောင်းဆုံးပါပဲ။ နှုတ်ခမ်းနီမှာပါတဲ့ ဓာတ်တုပစ္စည်းများက နှုတ်ခမ်းသားကို တိုက်ရိုက်ထိတွေ့ခြင်း မရှိတော့တာမို့လို့ နှုတ်ခမ်းသားပျက်စီးမှု လျော့ပါးစေမှာပါ။ ဒါပေမယ့် အခုဖော်ပြပေးမယ့် သဘာဝနှုတ်ခမ်းနီကတော့ သစ်သီးတွေနဲ့ ပြုလုပ်တာမို့လို့ ဘေးဥပါဒ်လည်း မဖြစ်စေတဲ့အပြင် နှုတ်ခမ်းသားကွဲအက်ခြင်းနဲ့ နှုတ်ခမ်းအရောင် မလှခြင်းတို့ အတွက် ကုသပေးနိုင်ပါတယ်။ ကဲ… ဒီတော့ သဘာဝနှုတ်ခမ်းနီ ပြုလုပ်နည်းလေးတွေကို ကြည့်လိုက်ရအောင်။

(၁) သလဲသီး

သလဲသီးရဲ့ နီနီရဲရဲအရောင်က စွဲမက်ဖွယ်ကောင်းလွန်း လှပါတယ်နော်။ သလဲသီးနဲ့ သဘာဝနှုတ်ခမ်းနီပြုလုပ်ဖို့အတွက် လတ်ဆတ်တဲ့သလဲသီးတွေ လိုအပ်ပါတယ်။ သလဲသီးတွေကို ကြိတ်လိုက်ပြီး အုန်းဆီအနည်းငယ်နဲ့ ရောစပ်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ သဘာဝသလဲသီးအရောင် နှုတ်ခမ်းနီကို ရရှိပါပြီ။

(၂) သံပရိုသီး

နှုတ်ခမ်းသားကို ဘာနှုတ်ခမ်းနီမှမဆိုးဘဲ သဘာဝကျကျလှချင်တယ် ဆိုရင်တော့ သံပရိုသီးနဲ့ ပြုလုပ်လိုက်ပါ။ ဆိုင်မှာအလွယ်တကူဝယ်ယူနိုင်တဲ့ နှုတ်ခမ်းအဆီ Vaseline ကိုအပူပေးပြီး အရည်ပျော်အောင် ပြုလုပ်လိုက်ပါ။ ပြီးရင်တော့ သံပရိုရည်ညှစ်ထည့်ပြီး ရောမွှေပေးပါ။ ဒါဆိုရင်တော့ nude color သဘာဝ နှုတ်ခမ်းနီကို ရရှိပါပြီ။

(၃) စတော်ဘယ်ရီ

စတော်ဘယ်ရီရဲ့ စွဲမက်ဖွယ်အနံ့အရသာနဲ့ သဘာဝနှုတ်ခမ်းနီကို ဖန်တီးလို့ရပါတယ်။ နီနီရဲရဲ စတော်ဘယ်ရီသီးတွေကို ကြိတ်ချေလိုက်ပြီး သင်ကြိုက်နှစ်သက်တဲ့ အဆီတစ်မျိုးမျိုးနဲ့ ရောစပ်လိုက်ပါ။ Vaseline နှုတ်ခမ်းအဆီကို အပူပေးပြီး ရရှိလာတဲ့ အရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။ စတော်ဘယ်ရီသီးအနှစ်နဲ့ ရောစပ်လိုက်မယ်ဆိုရင် စတော်ဘယ်ရီရောင် သဘာဝနှုတ်ခမ်းနီကို ရရှိပါပြီ။

(၄) ဘယ်ရီသီး

အရောင်ခပ်ဆန်းဆန်းလေးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဘယ်ရီသီးနဲ့ပြုလုပ်လို့ရမယ့် နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ အနက်ရောင်ဘယ်ရီသီး၊ ခရမ်းရောင်၊ အနီရောင်ဘယ်ရီသီး အားလုံးကို ကြိတ်လိုက်ပြီး သံလွင်ဆီနဲ့ရောစပ်လိုက်ရုံပါပဲ။ ဘယ်ရီသီးက နှုတ်ခမ်းသား ကျန်းမာလှပဖို့ အတွက် များစွာအထောက်အကူ ပြုပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*