ဟော်မုန်းအပြောင်းအလဲကြောင့် ရင်သားတင်းရင်းနာကျင်မှုဒဏ်ကို သက်သာစေမယ့်နည်းလမ်း

အမျိုးသမီးအများစုကြုံတွေ့ရလေ့ရှိတဲ့ ရင်သားတင်းရင်းနာကျင်ခြင်းက တကယ့်ကိုခံစားရခက်တဲ့ ဝေဒနာပါပဲ။ ဓမ္မတာလာစဉ်အတွင်း၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်နေချိန်အတောအတွင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ တော်တော်များများ ကြုံတွေ့ရလေ့ရှိတဲ့ နာကျင်မှုမျိုးပါပဲ။ ဒီလိုရင်သားတင်းရင်းနာကျင်ရခြင်းရဲ့ အကြောင်းအရင်းကတော့ ရင်သားတစ်ဝိုက်က ဆဲလ်များရဲ့ လုပ်ဆောင်ချက်တွေကြောင့်ပါ။ ဒါ့အပြင် တင်းကြပ်လွန်းတဲ့ ဘရာတွေဝတ်ဆင်မိရင်လည်း ရင်သား  တင်းရင်းနာကျင်တာမျိုး ခံစားရတတ်ပါတယ်။ ရင်သားတစ်ဝိုက်၊ ချိုင်းတစ်ဝိုက်၊ ပခုံးနဲ့ ကျောပြင် တစ်ဝိုက်ထိကို နာကျင်နေတတ်ပါတယ်။ အချိန်ကာလတစ်ခုအကြာမှာ ပြန်လည် သက်သာ  သွားတတ်ပေမယ့် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေအတိုင်း နာကျင်မှုဒဏ်ကို သက်သာအောင်ပြုလုပ်လို့ ရပါတယ်။

(၁) Massage လုပ်ပါ

တင်းရင်းပြီးနာကျင်နေတဲ့ ရင်သားတစ်ဝိုက်ကို သွေးလည်ပတ်မှုကောင်းမွန်စေဖို့အတွက် ညင်သာစွာ massage လုပ်ပေးနိုင်ပါတယ်။ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကိုအပူပေးပြီး ခပ်နွေးနွေးလေး ဖြစ်နေတဲ့ အဆီကို ရင်သားတစ်ဝိုက်လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် နာကျင်မှုကိုလည်း လျော့ပါးစေမှာပါ။ ဒီနည်းလမ်းအတိုင်း တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် သက်သာလာတာကို တွေ့ရမှာပါ။

(၂) ရေခဲအိတ်ကပ်ပေးပါ

နာကျင်မှုဒဏ်တွေအတွက် ရေခဲအိတ်ကပ်ပေးတာက နည်းလမ်းကောင်းလေးတစ်ခုပါပဲနော်။ ရေခဲအိတ်ကပ်ပေးခြင်းက ရင်သားတွင်းက ဖြစ်နေတဲ့အကျိတ်ကြောင့် နာကျင်နေခြင်းကိုတောင် သက်သာစေနိုင်ပါတယ်။ နူးညံ့တဲ့အဝတ်စထဲကို ရေခဲတုံးလေးတွေထည့်ပြီး ထုတ်လိုက်ပါ။ နာကျင်မှုလျော့ပါးလာတဲ့ထိ ရင်သားတစ်ဝိုက်ကို ရေခဲအိတ်ကပ်ပေးနိုင်ပါတယ်။

(၃) ရေနွေးအဝတ်ကပ်ပါ

ရေခဲအိတ်ကပ်ဖို့ အေးတဲ့ဒဏ်ကို မခံစားနိုင်ဘူးဆိုရင်တော့ ရေနွေးအဝတ်လေးနဲ့ နာကျင်မှုကို ကုသနိုင်ပါတယ်။ ရေနွေးအဝတ်က ရင်သားတစ်ဝိုက်က သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက်ကြောင့်ပါ။ ရေပူဇလုံထဲကို သန့်ရှင်းတဲ့ အဝတ်စစိမ်ပြီး ရေညှစ်လိုက်ပါ။ ခပ်နွေးနွေးလေးဖြစ်နေတဲ့ အဝတ်စကို ရင်သားတစ်ဝိုက်ကို ကပ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ကြိမ်ခန့်ပြုလုပ်ပေးရုံနဲ့ နာကျင်မှုဒဏ်သိသိသာသာလျော့ပါးသွားတာကို ခံစားရမှာပါ။

(၄) ဂေါ်ဖီထုပ်ဖြင့် ကုသနည်း

ရင်သားတင်းရင်းနာကျင်မှုကို ဖြေလျော့ပေးမယ့် သဘာဝနည်းလမ်းကတော့ ဂေါ်ဖီထုပ်ပြုတ်နဲ့ ကုသနည်းလေးပဲ ဖြစ်ပါတယ်။ ဂေါ်ဖီထုတ်တွေကို တစ်လွှာချင်းဖယ်ယူပြီး ရေနွေးထဲ ၃မိနစ်၊ ၅ မိနစ်ခန့် ထည့်ပြုတ်ပေးပါ။ ခပ်နွေးနွေးလေးဖြစ်တဲ့ ဂေါ်ဖီဖတ်တွေကို ရင်သားပေါ်ကို အုပ်ထားပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်ပြုလုပ်ပေးရုံနဲ့ နာကျင်မှုကို သက်သာစေမှာပါ။

(၅) ရင်သားထိန်းပေးမယ့် ဘရာရွေးချယ်ဝတ်ဆင်ပါ

ရင်သားဝိတ်ကို အပြည့်အဝထိန်းပေးနိုင်တာကတော့ Sport bra ပါပဲ။ တခါတရံ ရင်သားတင်းရင်း  နာကျင်ရခြင်းက ဘရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တင်းကြပ်လွန်းတဲ့ဘရာ၊ ရင်သားကို အပြည့်အဝထိန်းပေးနိုင်မယ့် ဘရာကို မဝတ်ဆင်သင့်တော့ပါဘူး။ နူးညံ့တဲ့ဘရာကို သေချာရွေးချယ် ဝတ်ဆင်လိုက်ပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*