ONE: HERO’S DREAM ပြိုင်ပွဲအကြို Open Workout အစီအစဉ်ကို Myanmar Plaza ၌ ပြုလုပ်

အာရှတိုက်၏ အကြီးဆုံး အားကစားဆိုင်ရာ မီဒီယာကြီး ဖြစ်သည့် ONE Championship™ (ONE) ၏ ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံးကြီး၌ ကျင်းပပြုလုပ်မည့်  ONE: HERO’S DREAM ပြိုင်ပွဲကြီး၏ အကြို ဟန်ရေးပြ မိတ်ဆက်ပွဲ (Open Workout) အား ယနေ့ အောက်တိုဘာလ (၃၁) ရက်၊ အင်္ဂါနေ့တွင် ရန်ကုန်မြို့၊ မြန်မာပလာဇာ (The Myanmar Plaza) မြေညီထပ်၌ နေ့လည် ၂ နာရီ မှ ၄ နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့သည်။

Open Workout ပွဲသို့ ကစားသမားများ၊ ဧည့်သည်တော်များနှင့် လေးစားရပါသော မီဒီယာများ တက်ရောက်ခဲ့ကြသည်။ ဟန်ရေးပြ မိတ်ဆက်ပွဲတွင် ပါဝင်ခဲ့ကြသည့် ကစားသမားများမှာ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လ “မြန်မာ့စပါးအုံး” အန်ဆန်း နှင့် ဟဲဗီးဝိတ် မွှေထိုင်း ကမ္ဘာ့ချန်ပီယံ အာလိန်း “ကျားသစ်နက်” ဂလားနီး (Alain “The Panther” Ngalani)၊ ONE: STATE OF WARRIORS ပြိုင်ပွဲကြီးတွင် ONE Myanmar Featherweight ချန်ပီယံ ဖြစ်လာသည့် ဖိုးသော် နှင့် ONE Championship ၏ Featherweight အတန်းတွင် အချိန်တိုအတွင်း တစ်ဟုန်ထိုး နာမည်ရလာသည့် စောဘဦး ဖြစ်သည်။

အခမ်းအနား အစီအစဉ်အရ Open Workout တွင် ပါဝင်ဟန်ရေးပြသမည့် ကစားသမားများကို မိတ်ဆက်ပေးခြင်းနှင့်  မီဒီယာများနှင့် ပရိသတ်များ ရှေ့မှောက်တွင် ကစားသမားများက  မိမိတို့ ကျွမ်းကျင်ရာ ကိုယ်ခံပညာရပ်များနှင့်  တိုက်ခိုက်ဟန်များ ကို ဟန်ရေးပြ တင်ဆက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ONE မစ်ဒယ်လ်ဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်းက “ဒီ ONE: HERO’S DREAM ပြိုင်ပွဲဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့အနေနဲ့ ဒီပြိုင်ပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ Alain Ngalani ဟာ ကျွန်တော် ရင်ဆိုင်ဖူးသမျှထဲမှာ ကိုယ်လုံးကိုယ်ထည် အထွားကျိုင်းဆုံး  အသန်မာ ဆုံး ပြိုင်ဖက်တစ်ယောက် ဖြစ်ပေမယ့် ပြည်သူများရဲ့ မျှော်လင့်ချက်တွေကို ဖြည့်စည်းပေးဖို့ကို တာဝန်တစ်ခုအနေ နဲ့ ခံယူထားပါတယ်။ လှောင်အိမ်ထဲမှာ အကောင်းဆုံး အနေအထားနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားပါသည်။

ONE Championship ၏ စူပါစတား တစ်ဦးဖြစ်သူ မွှေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ Alain Ngalani ကလည်း “အချင်းချင်း ရိုင်းပင်းကူညီခြင်းဟာ ကျွန်တော့် ချစ်မြတ်နိုးတယ့် အလေ့အထတစ်ခုပါ။ ကျွန်တော်ပါတ်ဝန်းကျင် ကောင်းကျိုး အတွက် အမြဲတမ်း တစ်ခုခု လုပ်ပေးချင်ပါတယ်။ အခုပွဲဟာ လူကြိုက်များမယ် ပွဲတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဒီပွဲကနေတဆင့် ကိုယ်ခံပညာရပ်များရဲ့ ကောင်းကျိုးတွေ၊ အားကစားလိုက်စားခြင်းရဲ့ ကောင်းကျိုးတွေကို  မြန်မာပြည်သူများကို မျှဝေပြသပေးချင်ပါတယ်။ ကျွန်တော် အောင်လကို လေးစားသလို သူဟာ ကြိုးစားပြီး ဂုဏ်ယူဖို့ကောင်းတယ့် သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလာမယ့် ONE: HERO’S DREAM ပြိုင်ပွဲဟာ ပြိုင်ပွဲတွေ ထဲမှာ အဆင့်အမြင့်ဆုံး၊ စိန်ခေါ်မှု အများဆုံး ဖြစ်တယ့်အတွက် ကျွန်တော်တို့တွေရယ့် စွမ်းရည်တွေကို ပြသဖို့အတွက် ရင်ခုန်နေပါ ပြီ။” ဟု သူ ၏ ပွဲကြို ခံစားချက်ကို ပြောပါသည်။

ONE: STATE OF WARRIORS ပြိုင်ပွဲကြီးတွင် ONE Myanmar Featherweight ချန်ပီယံ ဖြစ်လာသည့် ဖိုးသော်က “ကျွန်တော့် မြန်မာပြည်ကိုယ်စားပြုအနေနဲ့ ဒီလိုပွဲမှာ ပါဝင်ရတာကို ဂုဏ်ယူမိပါတယ်။ ကျွန်တော် အမိမြေကို ချစ်သလို မြန်မာပြည်သူ၊ ပြည်သားတွေ အတွက်လည်း အကောင်းဆုံး ကြိုးစားသွား ပါမယ်။ ကျွန်တော့် အသက်မွေးဝမ်းကျောင်း အတွက် အထောက်အကူပြုမည့် အရာများစွာကိုလည်း လေ့လာ သင်ယူထားပါတယ်။ ကျွန်တော်အတွက် နောက်တစ်ဆင့်တက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ခံစားရပါတယ်။  ကျွန်တော်ရင်ဆိုင် ရမယ့်  ပြိုင်ဖက်က လွယ်ကူတဲ့ ပြိုင်ဖက်မဟုတ်ပေမယ့် အလဲထိုး အနိုင်ရဖို့  အတွက် အကောင်းဆုံး ကြိုးစားပြီး ပြင်ဆင်ထားပါတယ်။” ဟု ပြောပါသည်။

ONE Championship ၏ Featherweight အတန်းတွင် အချိန်တိုအတွင်း တစ်ဟုန်ထိုး နာမည်ရလာသည့် စောဘဦး  ကလည်း “မြန်မာနိုင်ငံမှာ ဒီလို ကိုယ်ခံပညာနဲ့ပါတ်သက်ပြီး မှေးမိန်နေခဲ့ပေမယ့် အခုလို ပွဲမှာ ပါဝင်ရတယ့်အတွက်   ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ငယ်ဘ၀တုန်းက ဒီလိုပွဲတွေများစွာ ပါဝင်ခဲ့ဖူးပါတယ်။ ဒီပွဲဟာ ကျွန်တော့်အတွက် အတော်ခက်ခဲပေမယ့်လည်း ကျွန်တော့်မိသားစု၊ ကျွန်တော့် ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားပါမယ်။” ဟုပြောပါသည်။

အသက် ၃၂ နှစ်အရွယ် အောင်လအန်ဆိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် အောင်မြင်မှု အရှိဆုံးသော ကိုယ်ခံပညာ အခြေပြု အားကစားသမား တစ်ဦးဖြစ်ပြီး ပြိုင်ဖက်အား ဖမ်းချုပ်ဆုပ်ကိုင်ပြီး အနိုင်ယူသည့် ယှဉ်ပြိုင်မှုပုံစံကြောင့် “မြန်မာ့စပါးအုံး” (The Burmese Python) အမည်တွင်သူဖြစ်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့သူ အောင်လအန်ဆိုင်းသည် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စိန်ခေါ်ပွဲ၌  ရုရှားနိုင်ငံသား Vitaly Bigdash ကို အနိုင်ရယူပြီး ONE Middleweight ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သည်။ ယခုအခါတွင် ၄င်း၏ အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်သည့် ဟဲဗီးဝိတ်ချန်ပီယံ လူထွားကြီး Alain Ngalani နှင့် ရင်ဆိုင်ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်သည်။

ဟဲဗီးဝိတ်လောကတွင် အလဲထိုးအနိုင်ယူသူ ဆရာတစ်ဆူအဖြစ် နာမည်ကျော်ကြားသည့် Alain “ကျားသစ်နက်” Ngalani သည် ဟောင်ကောင်အခြေစိုက် Impakt MMA အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ကင်မရွန်းနိုင်ငံတွင် မွေးဖွားခဲ့သူ Alain Ngalani သည် ကြောက်မက်ဖွယ်ရာ အင်အားနှင့် လျင်မြန်မှုတို့ကို ပိုင်ဆိုင်ထားပြီး ပြိုင်ဖက်များကို ပြင်းထန်လှသည့် တစ်ပတ်လှည့် ကန်ချက်များဖြင့် စောလျင်စွာ အနိုင်ယူလေ့ ရှိသူဖြစ်သည်။ ယင်းသည် ၂၅-၇-၁ စံချိန်ကို ပိုင်ဆိုင်ထားပြီး ဟဲဗီးဝိတ်တန်း မွှေထိုင်းနှင့် Kickboxing ကမ္ဘာ့ချန်ပီယံ တစ်ဦးလည်းဖြစ်သည်။ မကြာမှီက ပြုလုပ်ခဲ့သည့် ONE ဟဲဗီးဝိတ် ခါးပတ်လုပွဲ၌ စိန်ခေါ်သူ Hideki Sekine အား ၁၁ စက္ကန့်ဖြင့် နောက်ကောက်ကျ (KO) အလဲထိုးထားသူလည်း ဖြစ်သည်။

 

ရန်ကုန်သား ဖိုးသော် (မြန်မာ) လက်ရှိအချိန်တွင် ရှုံးပွဲမရှိသေးပဲ ပြီးခဲ့သည့် ONE: STATE OF WARRIORS ပြိုင်ပွဲကြီး၌ ONE Myanmar Featherweight ချန်ပီယံဖြစ်လာခဲ့သည်။ MMA လှောင်အိမ်ထဲသို့ မကူးပြောင်းမီ လက်ဝှေ့ကြိုးဝိုင်းထဲတွင်လည်း အလဲထိုး အနိုင်ယူမှုများဖြင့် နာမည်ကျော်ခဲ့သူတစ်ဦးဖြစ်သည်။

စောဘဦး (မြန်မာ) သည် ရန်ကုန်အခြေစိုက် ကိုယ်ခံအားကစား ပညာရှင်တစ်ဦးဖြစ်ပြီး ONE Championship ၏ Featherweight အတန်းတွင် အချိန်တိုအတွင်း တစ်ဟုန်ထိုး နာမည်ရလာသူတစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် ONE Championship ပြိုင်ပွဲ ပွဲဦးထွက်ခဲ့ပြီး ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသည်။ နောက်ဆုံး ထိုးသတ်ပွဲတွင် ကြယ်စင်ဖြိုးအား ဒုတိယအချီ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရယူထားသည်။ စောဘဦးသည် ယခင်က လက်ဝှေ့ကစားသမား တစ်ဦးဖြစ်ပြီး ၁၆-၄-၁၈ ရလဒ်ကို ပိုင်ဆိုင်ထားသည်။

ShweInnlay

Be the first to comment

Leave a Reply

Your email address will not be published.


*