“ONE: HERO’S DREAM ပြိုင်ပွဲအကြို Open Workout အစီအစဉ်ကို Myanmar Plaza ၌ ပြုလုပ်မည်”

အာရှတိုက်၏ အကြီးဆုံး အားကစားဆိုင်ရာ မီဒီယာကြီး ဖြစ်သည့် ONE Championship™ (ONE) ၏ ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံးကြီး၌ ကျင်းပပြုလုပ်မည့်  ONE: HERO’S DREAM ပြိုင်ပွဲကြီး၏ အကြို ဟန်ရေးပြ မိတ်ဆက်ပွဲ (Open Workout) အား လာမည့် အောက်တိုဘာလ (၃၁) ရက်၊ အင်္ဂါနေ့တွင် မြန်မာပလာဇာ (Myanmar Plaza) မြေညီထပ်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

ဤ Open Workout အစီအစဉ်သည် ONE: HERO’S DREAM ပွဲအကြို မီဒီယာ မိတ်ဆက်ပွဲလည်း ဖြစ်သလို ပရိသတ်ကြီး အနေဖြင့်လည်း ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လ “မြန်မာ့စပါးအုံး” အန်ဆိုင်း အပါအဝင် ပြိုင်ပွဲဝင် သူရဲကောင်း (၄) ဦး၏ ဟန်ရေးပြ တိုက်ကွက်များကို အနီးကပ် ကြည့်ရှုခွင့် ရမည်ဖြစ်သည်။

Open Workout အစီအစဉ်တွင် ပါဝင်မည့် ONE သူရဲကောင်း (၄) ဦးမှာ –

(၁) အောင်လ “မြန်မာ့စပါးအုံး” အန်ဆိုင်း (မြန်မာ)

(၂) အာလိန်း “ကျားသစ်နက်” ဂလားနီး (ဟောင်ကောင်)

(၃) ဖိုးသော် (မြန်မာ)

(၄) စောဘဦး (မြန်မာ) တို့ ဖြစ်ကြသည်။

ဟဲဗီးဝိတ် မွှေထိုင်း ကမ္ဘာ့ချန်ပီယံ အာလိန်း “ကျားသစ်နက်” ကလားနီး (Alain “The Panther” Ngalani) သည် ကင်မရွန်းနိုင်ငံဖွား ဟောင်ကောင်အခြေစိုက် ကစားသမား တစ်ဦးဖြစ်ပြီး အောင်လ “မြန်မာ့စပါးအုံး” အန်ဆိုင်းနှင့် ၅-ချီပွဲဆိုင်း အဖြစ် ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်သည်။

ဖိုးသော်သည် ပြီးခဲ့သည့် ONE: STATE OF WARRIORS ပြိုင်ပွဲကြီးတွင် ONE Myanmar Featherweight ချန်ပီယံဖြစ်လာခဲ့ပြီး ရန်ကုန်အခြေစိုက် စောဘဦးသည်လည်း ONE Championship ၏ Featherweight အတန်းတွင် အချိန်တိုအတွင်း တစ်ဟုန်ထိုး နာမည်ရာသူတစ်ဦး ဖြစ်သည်။

Open Workout အစီအစဉ်အား နေ့လည် ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ONE Championship မှ တာဝန်ရှိသူများက ONE: HERO’S DREAM ပြိုင်ပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခြင်း၊ ပြိုင်ပွဲတွင် ပါဝင်မည့်  ပွဲဆိုင်းအသီးသီးနှင့် ကစားသမားများကို ကြေညာခြင်း၊ Open Workout အစီအစဉ်တွင် ပါဝင်သည့် ONE သူရဲကောင်း (၄) ဦးအား မိတ်ဆက်ပေးခြင်းနှင့် မီဒီယာများ၏ သိရှိလိုသည်များကို ဖြေကြားမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ယင်းနောက်တွင် ONE သူရဲကောင်း (၄) ဦးက ကြွရောက်လာကြသည့် မီဒီယာများနှင့် ပရိသတ်များ ရှေ့မှောက်တွင် မိမိတို့ ကျွမ်းကျင်ရာ ကိုယ်ခံပညာရပ်များနှင့် တိုက်ခိုက်ဟန်များကို ဟန်ရေးပြ တင်ဆက်သွားမည်ဖြစ်သည်။

ShweInnlay Team

Be the first to comment

Leave a Reply

Your email address will not be published.


*