ရေခဲရေသောက်သုံးခြင်းက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်

မောပန်းပြီး၊ ရေဆာနေတဲ့အချိန်မျိုးမှာ ရေခဲရေ၊ အေးခဲနေတဲ့ ဖျော်ရည်၊ အအေးတွေကို သောက်လိုက်ရတဲ့အခါ လန်းဆန်းသွားပြီး ကုန်ခမ်းသွားတဲ့ အားအင်တွေ ပြန်လည်ပြည့်သွားသလို ခံစားရပါတယ်။ ဒါပေမယ့် အေးခဲနေတဲ့ ရေခဲရေ၊ ဖျော်ရည်တွေကို သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်တွေကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်လဲ၊ ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်လဲဆိုတာကို သတိပြုမိစေဖို့အတွက် ဗဟုသုတဝေမျှပေးလိုက်ပါတယ်။

(၁) အဆီပိုတွေဖြစ်နိုင်ပါတယ်

ရေခဲရေသောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းက အဆီတွေခဲပြီး စုသွားနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အပူချိန်လျော့ကျသွားတဲ့အတွက် အဆီခဲတွေကိုလည်း ချေဖျက်နိုင်စွမ်းအား ကျသွားပါတယ်။ ဒါ့ကြောင့် အစားအိမ်တွင်းက စားသုံးထားတဲ့ အဆီစုတွေက အစာချေဖျက်မှုစနစ်ကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ ဗိုက်ပူလာတတ်ပါတယ်။

(၂) ဝမ်းချုပ်စေပါတယ်

ရေခဲရေက အစာချေဖျက်မှုစနစ်ကို အနှောင့်အယှက်ပေးတဲ့အတွက် ဝမ်းချုပ်စေနိုင်ပါတယ်။ ရေခဲရေက စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ဖို့ နှောင့်နှေးစေရုံသာမက ချေဖျက်လိုက်ပြီးတဲ့ စားကြွင်းတွေကိုလည်း အူထဲကို ရောက်အောင် ကောင်းမွန်စွာ မပို့ဆောင်နိုင်တော့တာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်

ရေခဲရေက သင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ကို လုံလောက်စွာ ဖြည့်တင်းပေးနိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် ရေခဲရေက ရေဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တာမို့လို့ အားကစားသမားများအနေနဲ့ အေးခဲတဲ့ အားဖြည့်အချိုရည်ကို မသောက်သုံးသင့်ပါဘူး။

(၄) အားအင်ကုန်ခမ်းစေပါတယ်

ရေခဲရေသောက်လိုက်တဲ့အခါမှာ လန်းဆန်းသွားတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ အားအင်ကုန်ခမ်းစေတာကို တွေ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရေခဲရေသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်းက လုပ်ဆောင်ချက်တွေ ပုံမှန်မဖြစ်တော့ဘဲ အနွေးဓာတ်ပြန်လည် ရရှိအောင် လုပ်ဆောင်ဖို့ ပုံမှန်ထက်ကို ပိုပြီးတော့ အင်အားစွမ်းအင်တွေ သုံးလိုက်ရပါတယ်။ ဒါ့ကြောင့် အားအင်ဆုတ်ယုတ်မှု ဖြစ်စေတာပါ။

(၅) နှလုံးရောဂါဖြစ်တတ်ပါတယ်

ရေခဲရေကို တာရှည်စွဲမြဲစွာ သောက်သုံးနေမိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ချေ များသွားပါပြီ။ ရေခဲရေသောက်လိုက်တဲ့အခါမှာ နှလုံးခုန်နှုန်းက နှေးသွားပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန် ပြန်ရောက်ဖို့အတွက် ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်တွေက မြန်ဆန်သွားပြီး နှလုံးခုန်နှုန်းကလည်း ပုံမှန်မဖြစ်တော့ပါဘူး။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*