Latest post

hot dog ဆိုင်တွင် လုယက်ပြီးနောက် ကိုယ့်လိင်တံကိုယ် သေနတ်ဖြင့် ပစ်မိ

အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့တွင် အရှေ့မှ အနောက်သို့ ဖောက်လုပ်ထားသည့် ပင်မလမ်းမကြီးတစ်ခုဖြစ်သော Original Maxwell လမ်းမကြီးထိပ်၊ Halsted လမ်းတွင်ဖွင့်လှစ်ထားသည့် hot dog ဆိုင်အတွင်း ဝင်ရောက်လုယက်သည့် လူငယ်တစ်ဦးသည် မတော်တဆကျည်ထွက်ကာ မိမိကိုယ်မိမိပစ်ခတ်မိရာ လိင်အင်္ဂါကို ထိမှန်သွားခဲ့သည်။
လုယက်သည့်လူငယ်အမည်မှာ တာရီယန် ပေါင်စီဟု အမည်ရပြီး အသက် ၁၉ နှစ်အရွယ်ဖြစ်ကာ ဆေးရုံတွင် ဆေးကုသမှု ခံယူရလျက်ရှိသည်။
တာရီယန်သည် နံနက် ၆ နာရီခန့်တွင် ဆိုင်အတွင်းဝင်ရောက်ကာ အလုပ်သမား ၂ ဦးအား ခြိမ်းခြောက်လုယက်ခဲ့ခြင်းဖြစ်သည်။
စမတ်ဖုန်းတစ်လုံး၊ ငွေသားများနှင့် ပိုက်ဆံခေါက်အိတ်တစ်ခုတို့ကို လုယူပြီးနောက် ပစ္စတိုကို ဘောင်းဘီအိတ်အတွင်း ပြန်ထည့်ခဲ့ခြင်းဖြစ်၏။
ယင်းနောက် လာလမ်းအတိုင်း ပြန်ထွက်ပြေးစဉ် ပေါင်ခြံသို့ ကျည်ထွက်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြသည်။
ပေါင်စီသည် ဒဏ်ရာဖြင့် ဝေးဝေးလံလံ ရှောင်တိမ်းနိုင်စွမ်းမရှိတော့သောကြောင့် အရေးပေါ်ဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့၏။
ပေါင်စီသည် ခြံစည်းရိုးတစ်ခုနောက်ဘက်သို့ တစ်စုံတစ်ခုလွှင့်ပစ်လိုက်သည်ကို တွေ့ရှိသည့် မျက်မြင်သက်သေများလည်းရှိသည်။
hot dog ဆိုင် ဝန်ထမ်းတစ်ဦးကလည်း ပေါင်စီ သေနတ်ထိမှန်ခဲ့သော နေရာအနီးတွင် ၎င်း၏ ခေါက်ပိုက်ဆံအိတ်ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆိုသည်။
တာရီယန်ပေါင်စီသည် လက်နက်ကိုင်လုယက်သည့် အမှု ၂ မှုဖြင့် ရင်ဆိုင်ရဖွယ်ရှိပြီး ယခုအခါတွင်မူ ဆေးကုသမှုခံယူနေရသဖြင့် အမှုရင်မဆိုင်နိုင်သေးချေ။
သူ၏အမှုကို လာမည့် အင်္ဂါနေ့တွင် ကြားနာစစ်ဆေးရန်စီစဉ်ထားပြီး တရားသူကြီးက ပေါင်စီကို အာမခံဖြင့် အမှုရင်ဆိုင်ခွင့် ပေးမထားချေ။

Cherie(Shwe Innlay)

Be the first to comment

Leave a Reply

Your email address will not be published.


*